မန္တလေး  ၂၈  ဇူလိုင်

အထွေထွေ ဖွံ့ဖြိုးမှုနောက်ကျသော ကလေးများအတွက် ကလေးစိတ်ပညာ ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ခုတင်(၅၅၀) ကလေးအထူးကု ဆေးရုံကြီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

901

 

အခမ်းအနားတွင် New Hope Association ဥက္ကဋ္ဌ ဒေါက်တာ သန်းမြင့်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ကလေးစိတ်ပညာရှင် ဒေါ်ဆွေဆွေညွန့်နှင့် Smart Kids College Founder ဒေါ်နန်းမေသဲတို့က ဟောပြောကာ ကလေးမိဘများနှင့် ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အစ်မတို့အနေနဲ့ ကလေးကို မမျှော်လင့်ဘဲ ဆူလိုက်မိတာတွေက မှားယွင်းစွာ ဆက်ဆံမိတာတွေဆိုတာ သိလာတယ်။ ကလေးက သာမာန်ကလေးမှ မဟုတ်တာ ဉာဏ်ရည်ဖွံ့ဖြိုးမှု နောက်ကျနေတာလေ။ အဲဒါကြောင့် ကလေးလုပ်နိုင်တာမှန်သမျှ ချီးမြှောက်ပြီး အားပေးရမယ်ဆိုတာတွေ သဘောပေါက်လာမိတယ်” ဟု ကလေး၏ မိဘတစ်ဦးက ပြောသည်။

အထွေထွေဖွံ့ဖြိုးမှု နောက်ကျနေသော ကလေးများအတွက် မသန်စွမ်း သက်ငယ်စောင့်ရှောက်မှု ကျောင်းများ၊ မျှော်လင့်သစ် အထွေထွေဖွံ့ဖြိုးမှု နောက်ကျကလေးများ ဖွံ့ဖြိုးရေးစင်တာ (New Hope Association) နှင့် ကိုယ်ပိုင်ကျောင်းများဖွင့်၍ သင်ကြားပေးလျက်ရှိပြီး မန္တလေးတွင် ကျောင်းအပ်ကာ သင်ကြားနေသော အထွေထွေ ဖွံ့ဖြိုးမှုနောက်ကျနေသော ကလေး ၅၀ဝ နီးပါးရှိကြောင်း သိရသည်။

တင်ဇာလှိုင်