mdn

မန္တလေး ၂၁ အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် တာ၀န်ရှိသူများနှင့်အတူ အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းက ချမ်းအေးသားစံမြို့နယ် ၆၅ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းအကြား၊ ပညာရေးကောလိပ်မန္တလေးရှိ ညအိပ်အဆောင်သစ်ကို ခုတင် ၁၆၀ ဆံ့ Quarantine Center အဖြစ် ထားရှိသွားရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် လုပ်ငန်းများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

 

၀န်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါ ပညာရေးကောလိပ်မန္တလေးသို့ ရောက်ရှိလာရာ မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်၊ ပညာရေးကောလိပ်ကျောင်းအုပ်ကြီး ဒေါ်မိုးမိုးကြည်နှင့် တာ၀န်ရှိသူများက ယင်းအဆောက်အဦတွင် လူဦးရေ ၁၆၀ ထားရှိနိုင်မည့်နေရာနှင့် ခုတင်များ ထားရှိရန်အခြေအနေ၊ အခန်းဖွဲ့စည်းပုံနေရာများ၊ ကျန်းမာရေးသုံးပစ္စည်း ကိရိယာများ၊ နေရာထိုင်ခင်းများ၊ အိပ်ယာခင်း၊ စောင်၊ ခြင်ထောင်အတွက် စီစဉ်ဆောင်ရွက်ရမည့် အခြေအနေများ၊ သန့်စင်ခန်းများအခြေအနေနှင့် အခြားလိုအပ်မည့် လုပ်ငန်းကိစ္စရပ်များကို လိုက်ပါရှင်းလင်းတင်ပြရာ ၀န်ကြီးချုပ်က ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ သတ်မှတ်ထားသည့် အရည်အသွေးများနှင့် ကိုက်ညီမှုရှိစေရန် စီစဉ်ဆောင်ရွက်သွားရေး၊ လေ၀င်လေထွက်နှင့် အ၀င်အထွက်လမ်းများ စနစ်တကျရှိအောင် ဆောင်ရွက်ရေး၊ Quarantine စင်တာအဖြစ် ပြင်ဆင်ဆောင်ရွက်သည့် လုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားရေးနှင့် အခြားလိုအပ်သည်များကို သက်ဆိုင်ရာတာ၀န်ရှိသူများအား မှာကြားခဲ့သည်။

 

ယခုဆောင်ရွက်သည့် စင်တာသည် အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်မိသူများအတွက် Quarantine စင်တာထားရှိသွားရန်ဖြစ်ပြီး မန္တလေးခရိုင်အတွင်း ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့သူ များပြားလာခြင်းကြောင့် တိုးချဲ့ပြင်ဆင် စီမံဆောင်ရွက်ခြင်းလည်း ဖြစ်သည်။

 

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် ယခု ပြင်ဆင်ဆောင်ရွက်နေသည့် Quarantine စင်တာအပြင် ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိ အဆင့်မြင့် အားကစားကွင်းအတွင်းရှိ Multipurpose Stadium (Mandalay) ဧရာဝတီဖောင်ဒေးရှင်းမှ ကမ္မကထပြု၍  ပံ့ပိုးဆောင်ရွက်ပေးသည့် COVID-19 Quarantine Center (Football Academy Myandalay) ဇီဝိတဒါနသံဃာ့ဆေးရုံ (မန္တလေးကန်တော်ကြီး) မန္တလာတက္ကသိုလ်၊ ဗဟို၀န်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တို့ကိုပါ ထားရှိဆောင်ရွက်လျက်ရှိကာ မန္တလေးတိုင်းဒေသကြီး တစ်ခုလုံးအနေဖြင့် Quarantine Center ၃၀၀ ကျော်ဖြင့် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆောင်ရွက်လျက်ရှိသည်။ 

ထို့ပြင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိလူနာများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးရာတွင်လည်း မန္တလေးမြို့တွင် ကန်တော်နဒီဆေးရုံ၊ ခုတင်(၃၀၀)ဆံ့ သင်ကြားရေးဆေးရုံ၊ ခုတင်(၁၀၀)ဆံ့ သင်ကြားရေး တိုင်းရင်းဆေးရုံ (မန္တလေး) တို့အပြင် သက်ဆိုင်ရာ ခရိုင်နှင့်မြို့နယ်များရှိ သတ်မှတ်ဆေးရုံအသီးသီးတို့တွင်လည်း ကုသပေးလျက်ရှိကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)