မန္တလေး၊ မတ် ၇
မန္တလေးတိုင်းဒေသကြီး ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား အောင်မြင်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး နှစ်ထပ်ဆောင် အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို က အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများအလိုက် ဖွဲ့စည်းတာဝန်ပေးထားပြီးဖြစ်ကြောင်း၊ ဆရာတော်၊ သံဃာတော်များ သီတင်းသုံးနိုင်ရေးနှင့် ဝေယျာဝစ္စကိစ္စရပ်များ လစ်ဟင်းမှုမရှိစေရေး၊ လိုအပ်ချက်၊ အားနည်းချက်များ မရှိစေရေး လုပ်ငန်းကော်မတီအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးနှင့် လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပြင်ဆင်ထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ချီးမြှင့်အပ် နှင်းပွဲအခမ်းအနားတွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၁၆) ပါး၊ သီလရှင်ဆရာကြီး (၃) ပါး၊ လူပုဂ္ဂိုလ် (၇) ဦးတို့ကို ချီးမြှင့် ဆက်ကပ်သွားမည်ဖြစ်ပြီး အခမ်းအနားကို မဟာအတုလဝေယံ (အတုမရှိ) ကျောင်းတော်ကြီး၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


