မန္တလေး ၂၆ ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၅ ရက် နံနက် ၈ နာရီခွဲက အမရပူရမြို့နယ်အတွင်းရှိ ယာယီကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ ရေဘေးရှောင် မိဘပြည်သူများအတွက် အခြေခံစားသောက်ကုန်ပစ္စည်း (၅)မျိုး လိုက်လံထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကား ပြောကြားခဲ့သည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များသည် အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်တွင် ယာယီကယ်ဆယ်ရေးစခန်းများ စီစဉ်ထားရှိသည့် ရှင်ပင်ဆပ်သွားဓမ္မာရုံ၊ မိုးကောင်းဓမ္မာရုံနှင့် ရန်အောင်မြင်ဓမ္မာရုံတို့ရှိ ရေဘေးရှောင်ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး အခြေခံစားသောက်ကုန်ပစ္စည်း (၅)မျိုးအား ထောက်ပံ့ပေးအပ်ခဲ့ကြရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

 

‘‘ရေဘေးရှောင် မိဘပြည်သူတွေအနေနဲ့ လတ်တလောအခြေအနေမှာ အနေဆင်းရဲမယ်၊ အစားဆင်းရဲမယ် စတဲ့အခက်အခဲတွေ ရှိမယ်ဆိုတာ ကျွန်တော်တို့ နားလည်တဲ့အတွက်လည်း မူလနေရာတွေမှာ အမြန်ဆုံးပြန်လည်နေထိုင်နိုင်အောင် ရေဝင်ရပ်ကွက်တွေက တင်ကျန်နေတဲ့ ရေတွေကို ရေစုပ်စက်ကြီး တွေနဲ့ပြန်ပြီး စုပ်ထုတ်နေပါတယ်၊ သဘာဝဘေးအန္တရာယ် ဖြစ်ပြီဆိုရင် အဓိကအရေးကြီးဆုံး အကြောင်းအရာက ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို တတ်နိုင်သမျှ ကာကွယ်စောင့်ရှောက်ပေးဖို့ပါ၊ လူတွေရဲ့အသက်ကို ကယ်ထုတ်ဖို့ဆိုတာ အရင်ဆုံးလုပ်ရတဲ့အလုပ်ပါ၊ ဒါကြောင့် ရေကြီးတော့မယ်၊ ရေကမ်းနံရံကျိုးပေါက်တော့မယ်ဆိုရင် ရေဘေးလွတ်ရာကို ရှောင်ဖို့သတိပေးရမှာပါ၊ ကျွန်တော်တို့ သတိပေးဆောင်ရွက်နိုင်ခဲ့ပါတယ်။ ရေဘေးသင့်ပြည်သူတွေကို စားရေရိက္ခာထောက်ပံ့ပေးနိုင်အောင်လည်း အစိုးနဲ့၊ စေတနာအလှူရှင်တွက ဆောင်ရွက်နေကြပါတယ်၊ တာရိုးကျိုးပေါက်မှုကိုလည်း အမြန်ဆုံးတားဆီးပိတ်ဆို့ပြုပြင်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်နေပါတယ်၊ ရေစုပ်စက်ကြီးတွေနဲ့ စုပ်ထုတ်ပေးနေတာ လွယ်ကူတယ် ထင်ရပေမယ့် အဲဒီရေတွေကို စက်တွေနဲ့စုပ်ထုတ်ရတာ စက်သုံးဆီစရိတ်၊ ကုန်ကျစရိတ်တွေ၊ စက်အသစ်တွေထပ်ပြီး တိုးချဲ့တပ်ဆင်တာတွေ၊ ပိုက်အသစ်တွေဝယ်ရတာတွေ ဆောင်ရွက်ရပါတယ်၊ မိမိနေထိုင်ရာနေရာကို အမြန်ဆုံးပြန်ရောက်စေချင်တဲ့ ဆန္ဒပါ။ ကိုယ့်အိမ်ကိုယ့်ရာနဲ့ နေရတာက ပိုပြီးလုံခြုံတယ်လို့ ခံစားမူရှိကြမှာပါ’’ ဟု ဝန်ကြီးချုပ်က အားပေးစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ကျန်ရှိနေသေးသည့် ယာယီကယ်ဆယ်ရေးစခန်းများသို့ သွားရောက်၍ အခြေခံစားသောက်ကုန်ပစ္စည်း (၅)မျိုးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်ပေးနေမှု လုပ်ငန်းနေရာအား  ကြည့်ရှုကာ ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေးအသိဖြင့် ဂရုပြုနေထိုင်ကြရန် အသိပညာပေး တိုက်တွန်းပြောကြားခဲ့သည်။

 

အမရပူရမြို့နယ်အတွင်း ရွှေဂဲရေထိန်းတံခါး ကျိုးပေါက်မှုဖြစ်စဉ်ကြောင့် အနိမ့်ပိုင်းရှိ ယာဉ်တော်ကျေးရွာအုပ်စု၊ ကျန်တန်းရပ်ကွက်၊ မှန်တန်းရပ်ကွက်၊ ဈေးချိုရပ်ကွက်၊ ရှမ်းကလေးကျွန်း ကျေးရွာအုပ်စု၊ ငယ်တိုးကျေးရွာအုပ်စု၊ အိုးတော်ရပ်ကွက် စသည်တို့တွင် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ရာ ယနေ့အထိ အိမ်ခြေ ၂၉၉၇၊ အိမ်ထောင်စုဝင် ၃၆၆၂ စု စုစုပေါင်း ရေဘေးရှောင်ပြည်သူ ၁၄၄၀ဝ ကျော်ကို ယာယီကယ်ဆယ်ရေးစခန်း (၃၀)ခုတို့တွင် ရွှေ့ပြောင်းစီစဉ်ထားရှိကာ နေထိုင်စားသောက်ရေး အတွက်ကိုလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)