ရန်ကုန် ၁၈ စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး) ကိုဗစ်-၁၉ ရောဂါတုံ့ပြန်ရေး ကော်မတီတို့ စီစဉ်မှုဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီလမှစတင်၍ အောင်မြေသာစံ၊ ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်မြို့နယ်များတွင် ဖျားနာကုသရေးဆေးခန်း Fever Clinic များဖွင့်လှစ်၍ လူနာများအား ကုသပေးခဲ့သည်။

အဆိုပါ ဖျားနာကုသရေးဆေးခန်း ၃ ခုတွင် လာရောက်ပြသသူ ၃၇၅ ဦးရှိပြီး ၃၄ ဦးကို မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိရကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး) တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဆေးခန်းသို့ လာရောက်ပြသသည့်လူနာ နည်းပါးလာပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်သည့် အခြေအနေတွင် မြို့နယ် ၃ ခုရှိ ဖျားနာကုသရေးဆေးခန်းများကို ခေတ္တရပ်နားထားသည်။

ယခုအခါ မန္တလေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း များလာပြီး ချမ်းမြသာစည်နှင့် အောင်မြေသာစံမြို့နယ်ရှိ ဖျားနာကုသရေးဆေးခန်းတွင် စေတနာ့ဝန်ထမ်း ဆရာဝန်များက အလှည့်ကျ ပြန်လည်ကုသပေးလျက်ရှိသည်။ အဆိုပါ ဖျားနာကုဆေးခန်းများတွင် လိုအပ်သည့် PPE ဝတ်စုံများ၊ Surgical Mask များ အစရှိသည်တို့ကို လိုအပ်လျက်ရှိပြီး စေတနာ့ဝန်ထမ်း ဆရာဝန်များလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုပေါ် မူတည်ပြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ ဖျားနာကုသရေးဆေးခန်းကို ထပ်မံဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်။

ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အနံမရရှိခြင်းတို့ ရှိပါက မည်သူမဆို နေ့စဉ်နံနက် ၉ နာရီမှ နံနက် ၁၁ နာရီအတွင်း လာရောက်ပြသနိုင်ပြီး ဖျားနာမှုနှင့်ပတ်သက်၍ ဆွေးနွေးကုသလိုသူများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ကုသပေးမည် ဖြစ်သည်။

ဖျားနာကုသရေးဆေးခန်းများကို ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ဖျားနာပါက ဆေးရုံများသို့ တိုက်ရိုက်မသွားဘဲ ဖျားနာကုဆေးခန်းသို့ လာရောက်ပြသခြင်းဖြင့် လူစုလူဝေးဖြစ်ပေါ်ကာ လူအများနှင့် ထိတွေ့မှု လျှော့ချနိုင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၁၆ ရက် စာရင်းများအရ မန္တလေးတိုင်းဒေသကြီးအတွင်း သတ်မှတ်ထားသည့် ဆေးရုံများတွင် တက်ရောက်ကုသနေသည့် ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြုလူနာ ၁၁၄ ဦး ရှိပြီး မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် ၅၄ ဦး တက်ရောက်ကုသလျက်ရှိသည်။ မန္တလေးတိုင်းဒေသကြီးသည် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ တတိယအများဆုံးရှိသည့် တိုင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အောင်သူရ