နေပြည်တော် မေ ၁၁
မန္တလေးတိုင်းဒေသကြီး ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုစီမံချက် အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/ ၂၀၂၂)ကို ယမန်နေ့ နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့်ကျင်းပရာ အစည်းအဝေးသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးမင်း၊ ဒုတိယ တိုင်းဒေသကြီး ဦးစီးမှူးများ၊ ခရိုင်မြို့နယ် ဦးစီးမှူးများနှင့် ဝါသီးနှံတာဝန်ခံများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာရဲတင့်ထွန်းက သီးနှံစိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ စာရင်းဇယားများတွင်ဖော်ပြသည့် ကိန်းဂဏန်းများ တိကျခိုင်မာမှုရှိစေရေး အလေးထား ဆောင်ရွက်ရန်၊ ဝါစိုက်ပျိုးထုတ်လုပ်မှုနှင့် ဝါဈေးကွက် သတင်းအချက်အလက်များ တောင်သူများထံ ရောက်ရှိရေး စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာနယ်ပယ်အလိုက် နည်းပညာများကို ကျွမ်းကျင် ပိုင်နိုင်မှုရှိစေရေး စွမ်းဆောင်ရည် မြင့်မားရေးအတွက် သင်တန်းများဆွေးနွေးပွဲများ ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရင်းအမြစ် တစ်ခုဖြစ်သည့် မျိုးစေ့ စီးဆင်းမှုမှန်ကန်စေရန်နှင့် မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက် များကို ဆွေးနွေးမှာကြားသည်။
ယခုကျင်းပသည့် မန္တလေးတိုင်းဒေသကြီး ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုစီမံချက် အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဝါသီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီများဖွဲ့စည်း တာဝန်ပေးအပ်ခြင်း၊ ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာန၏ မူဝါဒနှင့် လမ်းညွှန်ချက် များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး(၄)နှစ် စီမံချက်နှင့် ၂၀၂၂-၂၀၂၃ ခုနှစ် တွင် ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများအား ဆွေးနွေးခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း နှစ်စဉ် ဝါသီးနှံ ဧက တစ်သိန်းကျော်စိုက်ပျိုးထုတ်လုပ်လျက် ရှိနေသော်လည်း ပြည်တွင်း အဝတ်အထည်ထုတ်လုပ်မှုအတွက် လိုအပ်နေသည့် ချည်မျှင်ကုန်ကြမ်း ဖြည့်ဆည်းပေးနိုင်ရန် ဝါစိုက်ဧကတိုးချဲ့ရေး၊ တစ်ဧကအထွက်နှုန်း တိုးတက်ရေးလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနက ကြိုးပမ်း လျက်ရှိရာ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် ဝါမျိုး ကောင်းမျိုးသန့် ဖူလုံစွာသုံးစွဲနိုင်ရန် ဒေသနေ ဝါတောင်သူများနှင့်ပူးပေါင်း၍ ယခုနှစ် မိုးရာသီနှင့် မိုးနှောင်း ကာလများတွင် ဝါအထူးဇုန် ဧက(၁၀၀၀၀)၌ ဝါမျိုးကောင်းမျိုးသန့် မျိုးပွားစိုက်ပျိုးထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)