မတ္တရာ  ၁၈   သြဂုတ်

 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် Food Safety Project ဆောင်ရွက်သော တိုင်ထောင်ပဲ စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအား   ထောက်ပံ့သည့် ပစ္စည်းများအား ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းမှ တောင်သူများ အား အရည်အသွေးကောင်းမွန်ပြီး သီးနှံအထွက်တိုးကာ စျေးကွက်ခိုင်မာစွာ ရှိနိုင်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် အားထုတ်စိုက်ပျိုးကြရန် လိုအပ်ကြောင်း နည်းပညာ လိုအပ်ချက်များရှိပါက စိုက်ပျိုးရေး ဦးစီးဌာနနှင့် ဆက်သွယ်နိုင်ပါကြောင်းဖြင့် အမှာစကား ပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဉီးစီးမှူး ဦးစိန်ရ မှ Food Safety Projectမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းဦးနှင့် မြို့နယ်ဦးစီးမှူး ဦးစိန်ရတို့မှ ထောက်ပံ့ပစ္စည်း(၄)မျိုးအား တောင်သူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

 

ကျန်းမာရေးနှင့် ညီညွတ်သော ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရာတွင် လိုက်နာ ဆောင်ရွက်ရမည့် အလေ့အကျင့်ကောင်းများကို စိုက်ပျိုးထုတ်လုပ်သူများအား လေ့ကျင့်ပေးနိုင်ရန်၊ စျေးကွက်တင် ပို့ရောင်းချရာတွင် ဝင်တိုးတက်စေရန်၊ စားသုံးသူ ပြည်သူလူထုအား ကျန်းမာရေးနှင့်ညီညွတ်၍ အန္တရာယ်ကင်းရှင်းသည့် စားသောက် ကုန်များ ရွေးချယ်စားသုံးတတ်သည့် အမူအကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စိုက်ပျိုးထုတ်လုပ်သော စည်တိုင်းကန်၊ ကံဖြူ၊ မြောင်းသစ်၊ ထန်းပင်ကုန်း၊ ရေနံ့သာ၊ ကျောက်စရစ်တောင်နှင့် သပြေသာကျေးရွာများမှ တောင်သူ ၃၅ ဦးအား ခြင်း၊ ပုံး၊ မိုးကာနှင့် သီးနှံထုတ်ပိုးရာတွင် အသုံးပြုသည့် Food Safety Project DOA စာတန်းပါ တိပ်ခွေများကို ပေးခဲ့သည်။ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် (ပထမအကြိမ်) တောင်သူ၃၅ ဦးမှ တိုင်ထောင်ပဲ ၂၅ ဧက စိုက်ပျိုးခဲ့ရာ ၆၄၇၅ တင်းထွက်ရှိခဲ့ပြီး၊ ဒုတိယအကြိမ်တွင် တိုင်ထောင်ပဲ ဧက (၅၀) စိုက်ပျိုးထုတ်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)