ညောင်ဦး ၈ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်း ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာများအနက် အောက်တိုဘာ ၇ ရက်တွင် ကျေးရွာ နှစ်ရွာထပ်၍ တစ်ပြိုင်တည်း လျှပ်စစ် မီးလင်းပေးနိုင်ခဲ့ကြောင်း ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးဝင်းလွင်ထံမှ သိရသည်။
အဆိုပါ လျှပ်စစ်မီးလင်းခဲ့သည့် ကျေးရွာများမှာ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စု ရွာအိုကျေးရွာနှင့် ထီးပုကျေးရွာအုပ်စုရှိ ဂျမ်းလှီးကျေးရွာတို့ ဖြစ်ပြီး ယင်းကျေးရွာများ မီးလင်းရေးအတွက် လိုအပ်သည့် ၁၁ ကေဗွီ ဓာတ်အားလိုင်း နှင့်(၁၁/၀.၄)ကေဗွီထရန်စဖော်မာများ တပ်ဆင်တည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေရင်းငွေလုံးရန်ပုံငွေဖြင့် တပ်ဆင်တည်ဆောက်ပေးခဲ့သည်။ ကျေးရွာတွင်း ၄၀၀ ဗို့ဓာတ်အားလိုင်းကို ကျေးရွာသူ၊ ကျေးရွာသား များ၏ ပူးပေါင်းပါဝင်ငွေဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးဝင်းလွင်က ရှင်းပြသည်။
ညောင်ဦးမြို့နယ်တွင် ကျေးရွာပေါင်း ၁၈၈ ရွာရှိရာ ယခုတစ်ပြိုင်တည်း မီးလင်းသည့် ကျေးရွာ နှစ်ရွာအပါအဝင် ၁၃၄ ရွာ လျှပ်စစ်မီးရရှိပြီး (၇၁ ဒသမ ၂၈)ရာခိုင်နှုန်း လျှပ်စစ်မီးလင်းနေပြီဖြစ်ကြောင်း၊ အဆိုပါကျေးရွာများရှိ နေအိမ်များအား အိမ်သုံးမီတာလျှောက်ထားတပ်ဆင်ခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့အတွင်း ကျေးရွာများ မီးလင်း ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ပုံငွေကျပ် ၁၅၈၆ သန်းကျော် ကျခံသုံးစွဲလျက်ရှိကြောင်း သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


