မန္တလေး၊ ဒီဇင်ဘာ  ၂၅

Good News Church (Mandalay)က ကြီးမှူးကျင်းပသည့် ခရစ်တော်မွေးနေ့ (ခရစ္စမတ်နေ့) ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံး မြို့တော်ခန်းမ၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ Good News Church (Mandalay)မှ သိက္ခာတော်ရ ဆရာတော် ဦးခွန်ထူးနှင့် တာဝန်ရှိသူများ၊ အသင်းသူ အသင်းသားများ၊ ခရစ်ယာန်ဘာသာဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

mdn

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ခရစ္စမတ်ပွဲတော် အခါသမယနေ့တွင် ခရစ်ယာန် ဘာသာဝင်များနှင့်အတူ ပါဝင်ဆင်နွှဲရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ခရစ်ယာန်ဘာသာဝင်များနှင့်တကွ မြန်မာနိုင်ငံသူနိုင်ငံသားများ၊ ကမ္ဘာသူကမ္ဘာသားများ အားလုံး ခရစ်တော်၏ မေတ္တာတရားဖြင့် ငြိမ်းချမ်းသာယာရှိကြပါစေ၊ ခရစ္စမတ်၏ ကောင်းခြင်းမင်္ဂလာအဖြာဖြာ ခံစားနိုင်ကြပါစေဟု ဆုတောင်းမေတ္တာပို့သအပ်ကြောင်း ပြောကြားသည်။

ထို့နောက် Good News Church (Mandalay) မှ သိက္ခာတော်ရဆရာတော် ဦးခွန်ထူးက မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံး ကောင်းချီးမင်္ဂလာများ ရရှိရန် မေတ္တာပို့သ ဆုတောင်းပေးပြီး  ခရစ္စမတ်နေ့အကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများသည် Good News Church (Mandalay) မှ ခရစ်ယာန်ဘာသာဝင်လူငယ်များ၏ ခရစ်တော်မွေးနေ့ (ခရစ္စမတ်နေ့) ကျေးဇူးတော်ချီးမွမ်းခြင်း၊ ခရစ္စမတ်တေးသီချင်းများဖြင့် ဂုဏ်ပြုတင်ဆက်ခြင်းများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်သည်။ 

mdn

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ခရစ်တော်မွေးနေ့ (ခရစ္စမတ်နေ့) ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနားသို့ တက်ရောက်လာကြသည့် ခရစ်ယာန်ဘာသာဝင်များ၊ ဆရာတော်များ၊ လူငယ်အဖွဲ့များနှင့် ရပ်မိရပ်ဖများအား ရင်းနှီးနွေးထွေးစွာနှု တ်ဆက်ကြပြီး ခရစ်တော်မွေးနေ့ (ခရစ္စမတ်နေ့) ကျေးဇူးတော် ချီးမွမ်းခြင်း အထိမ်းအမှတ်ဧည့်ခံသည့် လန်းဆန်းစာများကို အတူတကွသုံးဆောင်ကြသည်။ 

သတင်းစဉ်