မန္တလေး ၂၈ ဇွန်
မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အခွန်အများဆုံး ထမ်းဆောင်ခဲ့ကြသည့် အခွန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မန္တလေးမြို့တော်ခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အခွန်အထောက်အကူပြု အဖွဲ့များနှင့် ဂုဏ်ပြုခံအခွန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အခမ်အနားတွင် ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က နိုင်ငံတော်မှ လူမှုရေးထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုပွဲများကို ခမ်းခမ်းနားနား ကျင်းပပေးနေသကဲ့သို့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း မိမိတို့ ဒေသအတွင်းရှိ အခွန်ထမ်းပြည်သူများကို ဂုဏ်ပြုထိုက်သူများအဖြစ် ခံယူကာ ဂုဏ်ပြုပေးခြင်းဖြစ်သည့်အတွက် ယနေ့အခမ်းအနားသည် မင်္ဂလာရှိပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ဘတ်ဂျက်ငွေ အထောက်အပံ့အား လုပ်ငန်းရှင်အခွန်ထမ်းဆောင်သူများထံမှ ရရှိနေခြင်းဖြစ်သည့်အတွက် ကျေးဇူးတင်ထိုက်သူများအဖြစ် ယုံကြည်ပါကြောင်း၊ နိုင်ငံသားတိုင်းသည် အခွန်ထမ်းဆောင်ရန်တာဝန်ရှိပြီး နိုင်ငံသားကောင်းဖြစ်စေရန် အခွန်ထမ်းဆောင်ပေးရမည်ဖြစ်ကြောင်း၊ ထို့ပြင် ရရှိသည့် အခွန်ဝင်ငွေများသည်လည်း ပွင့်လင်းမြင်သာ၍ သန်စွမ်းသည့် အခွန်ထမ်းစနစ်ဖြစ်လာစေရန် ကြိုးစားဆောင်ရွက်နေကြောင်း လုပ်ငန်းရှင်များအနေဖြင့် ဆက်လက်၍လည်း အခွန်ထမ်းဆောင်ခြင်းဖြင့် ပြည်သူများ၏ လူနေမှုဘဝကို မြှင့်တင်ပေးနိုင်သူများဖြစ်ကြစေရန် ဆုမွန်ကောင်းတောင်းပေးပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်အတွက် အခွန်အများဆုံးထမ်းဆောင်ခဲ့ကြသည့် ဝင်ငွေခွန် အခွန်ထမ်း ၅၀ ဦး၊ ကုန်သွယ်လုပ်ငန်းခွန် အခွန်ထမ်း ၅၀ ဦးနှင့် အထူးကုန်စည်ခွန် အခွန်ထမ်း ၁၂ ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


