နေပြည်တော်  သြဂုတ် ၁

မန္တလေးတိုင်းဒေသကြီးအတွင်း အကျိုးတူကန်ထရိုက် လယ်ယာစနစ် ပိုမိုဖွံ့ဖြိုးလာရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် ၃၁ ရက် မွန်းလွဲပိုင်းက တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တိုင်းဒေသကြီးအဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ဒေသခံတောင်သူများများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောင်းလဲလာသော ရာသီဥတုနှင့် လိုက်လျောညီထွေပြီး ရေလိုအပ်ချက်နည်းသည့် တန်ဖိုးမြင့် သီးနှံများ ပြောင်းလဲစိုက်ပျိုးရေးနှင့် အထူးသဖြင့် နိုင်ငံတကာတွင် လိုအပ်ချက်ရှိနေသော စားသုံးဆီ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် ဘက်စုံကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ အထွက်နှုန်းကောင်း စပ်မျိုးများနှင့် မျိုးချန်မျိုးထား စိုက်ပျိုးနိုင်သည့် မျိုးကောင်းမျိုးသန့်များ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ဌာနပုဂ္ဂလိက နှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်သူများအကြား အပြန်အလှန် နားလည်ယုံကြည်မှု နှင့် အကျိုးစီးပွားမျှ ဝေခံစားနိုင်ရေး ရည်ရွယ်ချက်ကောင်းများ ထားရှိဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြည့် လုပ်ငန်းရှင်များ နှင့် တောင်သူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အောင်မြေသာစံမြို့နယ်ရှိ သရက်ကုန်း ငါးလုပ်ငန်းစခန်းသို့ ရောက်ရှိကြပြီး သဘာဝနည်းဖြင့် ငါးသားပေါက်ရရှိရေး ဆောင်ရွက်နေမှု၊ ဆေးထိုးသားဖောက်နည်းဖြင့် ထုတ်လုပ်နေမှု၊ ငါးမွေးတောင်သူများအား ငါးသားပေါက်များ လုံလောက်စွာ ထုတ်လုပ်ဖြန့်ဖြူးပေးနေမှု၊ နှစ်စဉ်ဆောင်ရွက်လျက်ရှိသော ငါးမျိုးများစိုက်ထည့်ပေးခြင်း လုပ်ငန်းများအတွက် ငါးသားပေါက် ထုတ်လုပ်ပေးနေမှုများ၊ ငါးမွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး  ဒုတိယဝန်ကြီးက ငါးထုတ်လုပ်မှုဖွံ့ဖြိုးရေးအတွက် တိုးမြှင့်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်