နေပြည်တော် ဇန်နဝါရီ ၁၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို သက်ဆိုင်ရာ ဦးစီးဌာန များမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ ရောက်ရှိကြည့်ရှုစစ်ဆေးရာ ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီးက ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မတိမ်ကော မပပျောက်အောင် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး၊ ရက်ကန်းလုပ်ငန်းဆိုင်ရာ အတတ်ပညာများ ဖြန့်ဖြူးပေးနိုင်ရေး၊ နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ချည်မျှင်နှင့်အထည်စက်ရုံများ အတွက် ရက်ကန်းပညာကျွမ်းကျင်သူများ မွေးထုတ်ပေးနိုင်ရေး ဖွင့်လှစ်ထားခြင်းဖြစ်ပါကြောင်း၊ သင်တန်းကျောင်းအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်းသူ (၁)နှစ်သင်တန်းတွင် သင်တန်သား (၂၀)ဦးနှင့် လက်ရက်ကန်း (၆)လသင်တန်းတွင် သင်တန်းသား (၂၀)ဦး စုစုပေါင်းသင်တန်းသား ၄၀ ဦးကို ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ သင်တန်းဆင်းသူ ဦးရေ ၂၅၆ ဦးကို ပို့ချပေးနိုင်ခဲ့ပြီး အဆိုပါ သင်တန်ဆင်းသူ ၂၅၆ ဦး အနက် သင်တန်းသား ၁၈၁ ဦးကို နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် ချည်မျှင်နှင့် အထည်စက်ရုံများ၊ အခြား လုပ်ငန်းများတွင် အလုပ်အကိုင်များရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း ရှင်းလင်းတင်ပြ ပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်း သင်တန်းသူများ အား အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးရန်၊ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လိုပါက ဆောင်ရွက်နိုင်ရေး လိုအပ် သည်များ ကူညီပံ့ပိုးပေးရန် မှာကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဌာနဆိုင်ရာတာဝန်ရှိသူများအား မှာကြားရာတွင် ဝါနှင့် ဆီထွက်သီးနှံ စိုက်ပျိုးသည့်တောင်သူများ သီးနှံအထွက်နှုန်းတိုးပွားစေရေးအတွက် လိုအပ်သည့် မျိုးစေ့နှင့် သွင်းအားစုများ ပံ့ပိုးကူညီပေးရေး၊ တောင်သူနည်းပညာပေး လုပ်ငန်းများဆောင်ရွက်ရေး၊ ဈေးကွက်ချိတ်ဆက်မှုအား သမဝါယမအစုအဖွဲ့စနစ်ဖြင့် ဆောင်ရွက်ရေးနှင့် သက်ဆိုင်ရာဌာနများမှ လိုအပ်သည်များ ချိတ်ဆက်ကူညီဆောင်ရွက်ပေးရန် မှာကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနနှင့် မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မိတ္ထီလာကန်ကြီးအတွင်းမှ ရေကို Plastic Filter Media နှင့် Gravel Media တို့ဖြင့် ရေသန့်စင်ခြင်း၊ အနှေးရေစစ်ကန်၌ Down Flow စနစ်ဖြင့် ရေသန့်စင်ခြင်း၊ ကလိုရင်းဆေးခတ်သန့်စင်ခြင်းစသည့် အဆင့်(၆)ဆင့်ဖြင့် သန့်စင်ပြီး မိတ္ထီလာမြို့ ပေါ်ရှိ ရပ်ကွက် ၃ ရပ်ကွက်၊ အိမ်ခြေ ၅၁၄၁၊ လူဦးရေ ၃၄၅၀၀ ဦးအတွက် နေ့စဉ်ရေဂါလံ ၆.၉ သိန်းအား အိမ်တိုင်ရာရောက် ရေဖြန့်ဝေပေးနိုင်မည့် မြို့ရေပေးရေးစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိများက စီမံကိန်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ရေဖြန့်ဝေပေးမည့် အစီအစဉ်များ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မြို့ရေပေးရေးလုပ်ငန်းများ ပုံမှန်လည်ပတ်မှု ရှိစေရေး၊ တပ်ဆင်ရန် ကျန်ရှိသည့် ရေမီတာများအား အမြန်တပ်ဆင်ရေး၊ ချေးငွေဖြင့် ဆောင်ရွက် ရသည်ဖြစ်၍ ရေပေးဝေမှုလုပ်ငန်းများ အမြန်အကျိုးရှိစွာ အသုံးချနိုင်ရေး၊ ပြင်ဆင် ထိန်းသိမ်းရေး ကိစ္စရပ်များအား ပုံမှန်ဆောင်ရွက်စေရေး တာဝန်ရှိသူအဆင့်ဆင့်မှ အမြဲမပြတ် ကြီးကြပ်စစ်ဆေး သွားကြရန် မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ဧရာဝတီမြစ်အတွင်းမှ ရေကို ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၀၅ ရွာ၊ အိမ်ခြေပေါင်း ၂၃၂၁၄ အိမ်၊ လူဦးရေပေါင်း ၁၀၇၆၃၀ ဦးအတွက် နေ့စဉ် ရေဂါလန် ၇ သိန်း ဖြန့်ဝေပေးလျက်ရှိသည့် နတ်သမီးကမ်းပါးမြစ်ရေတင် ကျေးလက်ရေပေးရေး လုပ်ငန်းရှိ ငှက်ပစ်တောင်ရေစက်ရုံ လည်ပတ်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ရှိရေဖြန့်ဝေပေးနေမှု အခြေအနေများ၊ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်ရေပေးရေးလုပ်ငန်းများ ပုံမှန်လည်မှုရှိစေရေး၊ ပြင်ဆင် ထိန်းသိမ်းရေး ကိစ္စရပ်များအား ပုံမှန်ဆောင်ရွက်စေရေး တာဝန်ရှိသူအဆင့်ဆင့်မှ အမြဲမပြတ် ကြီးကြပ်စစ်ဆေးသွားကြရန် မှာကြားခဲ့ပြီး မြေအောက်ရေ ရှာဖွေရေးသင်တန်းများ၊ စက်ရေတွင်းသစ် တူးဖော်နည်းသင်တန်းများ၊ စက်ရေတွင်းရေရှည် ထိန်းသိမ်းနည်းသင်တန်းများ ဖွင့်လှစ် သင်ကြားပို့ချပေးလျက်ရှိသည့် ညောင်ဦးမြို့ ကျေးလက်ဒေသ ရေရရှိရေးနည်းပညာသင်တန်း ကျောင်းကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်


