မန္တလေး ဇူလိုင် ၂၆
မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ခရိုင်၊ မြို့နယ်များအတွင်း ယခု ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေကျပ် ၄၃၅ ဒသမ ၈၈၆ သန်းအသုံးပြု၍ ကျေးလက်နေပြည်သူများ၏ လယ်ယာထုတ်ကုန်၊ ထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်စေရန်ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများကို ယခုဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံ ငွေ ၄၃၅ ဒသမ ၈၈၆ ကျပ်သန်းဖြင့် မြို့နယ်(၁၁)မြို့နယ်ရှိ ကျေးရွာ(၁၆)ရွာ၌ ကျောက်ရောမြေခင်းခြင်းနှင့် မြေနီကျောက် စရစ်ခင်းခြင်း စုစုပေါင်းလမ်းအရှည် ၇ မိုင် ၂ ဒသမ ၂၅၄ ဖာလုံဖောက်လုပ်ငန်ခြင်းနှင့် အဆိုပါလမ်းများပေါ်တွင် ကျေးလက်ကုန် ထုတ်တံတား(၁၀)စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ဇွန်လပထမပတ်ကစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူး ဦးကြည်စောက ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း အဆိုပါကျေးလက်ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများ ဖောက်လုပ်ပြီးစီးပါက မြို့နယ် (၁၁)မြို့နယ်ရှိ ကျေးရွာရှိ (၁၆)ရွာမှ အိမ်ခြေ (၂၃၂၁)အိမ်၊ လူဦးရေ (၁၁၅၆၃)ဦးတို့၏ ကျေးလက်လယ်ယာထုတ်ကုန် ဧက(၃၇၄၀)ကျော် အကျိုးပြုမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများအတွက် လယ်ယာသုံးစက်ပစ္စည်းများ သွားလာရေးနှင့် လယ်ယာထွက်ကုန်များ၏ သယ်ယူပို့ဆောင်ရေးများ အဆင်ပြေမည်ဖြစ်ကြောင်း တိုင်းဒေသကြီးဦးစီးမှူး ဦးကြည်စောက ဆက်လက်ပြောပြသည်။
စိုးမိုးကျော်