နေပြည်တော်  ဇန်နဝါရီ   ၁၀

 

မန္တလေးတိုင်းဒေသကြီးအတွင်း  လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး၊ လက်ရှိ ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေး၊ လျှပ်စစ်ဓာတ်အား လျော့နည်း ပပျောက်မှု ကျဆင်းစေရေးတို့အတွက် ခရိုင်အဆင့် လျှပ်စစ်မန်နေဂျာ/ လျှပ်စစ် အင်ဂျင်နီယာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး က နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည် နှစ်စဉ် (၁၅) ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲလျက်ရှိသည့်အတွက် အဆိုပါ တိုးတက်သုံးစွဲလာမည့် ဓာတ်အားလိုအပ်ချက်ကို ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ဓာတ်အားထုတ်လုပ်မှု (Generation) ကို တိုးမြှင့်ထုတ်လုပ်ရန် ဆောင်ရွက်ခြင်း၊ ဓာတ်အားပို့လွှတ်ခြင်း (Transmission) အပိုင်းတိုးချဲ့ တည်ဆောက်ခြင်း၊ ဓာတ်အားဖြန့်ဖြူးခြင်း (Distribution) အပိုင်းများကိုလည်း တိုးချဲ့ပြုပြင် တည်ဆောက်ခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ဝန်အားပြည့်နေသော ဓာတ်အားလိုင်းများကို အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး၊ ဓာတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်းစေရေး၊ လျှပ်စစ်ဓာတ် အားပျောက်ဆုံးမှု လျော့နည်းစေရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်တိုးတက် ကောင်းမွန်စေရေးတို့အတွက် အလေးအနက်ထား ဆောင်ရွက်လျက် ရှိပါကြောင်း။

 

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများ၏ အဓိကလိုအပ်ချက်ဖြစ်သော လျှပ်စစ် ဓာတ်အားကို ပြည့်ဝစွာထုတ်လုပ် ပို့လွှတ်/ ဖြန့်ဖြူး ပေးနိုင်ရေးတွင် အားလုံးမှ တက်ညီလက်ညီကြိုးစား ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်၏ဘဏ္ဍာငွေကို အလေအလွင့်မရှိစေရေး အကျိုးရှိစွာ အသုံးချနိုင်စေရေး သတ်မှတ်ထားသည့် အရည်အသွေးပြည့်ဝ ကောင်းမွန်သည့် ပစ္စည်းများကို စနစ်တကျ သုံးစွဲတည်ဆောက်ရန်  လိုအပ်ကြောင်း၊ ထို့အပြင် မိမိတို့ဝန်ကြီး ဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေသော ဌာနဖြစ်သည့်အလျှောက် ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များအပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပြီး အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်နှင့် မိမိတို့ ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်ရန်စေတနာထား၍ ဝိုင်းဝန်းဆောင်ရွက်သွား ကြရန် လိုအပ်ကြောင်း ပြောကြားသည်။  

 

ထို့နောက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်လျှပ်စစ်မန်နေဂျာများ၊ ခရိုင်လျှပ်စစ် အင်ဂျင်နီယာများက မိမိတို့ခရိုင်/ မြို့နယ်များအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားမှု၊ နှစ်အလိုက် ဓာတ်အားတိုးတက်သုံးစွဲလာမှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်း ရေးအတွက် ဆောင်ရွက်ထားရှိမှု၊ ဓာတ်အားခများ ကောက်ခံရရှိမှု အခြေအနေနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ ဦးအေးကျော်နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်တို့က ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။                         

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇန်နဝါရီ (၉) ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်းရှိ ငွေရည်ပုလဲ အများပိုင်ကုမ္ပဏီ၏ Crown ဘိလပ် မြေစက်ရုံရှိ အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်များမှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နေမှုနှင့်  Crown ဘိလပ်မြေစက်ရုံမှ ဘိလပ်မြေထုတ်လုပ်မှု နည်းစဉ်အဆင့်ဆင့် အခြေအနေများကိုလည်းကောင်း၊ ထပ်မံတည်ဆောက်မည့် ၂၃၀/ ၃၃/၁၁ ကေဗွီ ၁၅၀ အမ်ဗွီအေ ပင်မဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်း လုပ်ငန်း ဆောင်ရွက်နေမှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်