မန္တလေး ၂၀ ဩဂုတ်
မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်အနီး ရှင်တော်ကုန်း ကျေးရွာတွင် ပြည်သူ့အငှားအိမ်ရာ အခန်ပေါင်း ၃၀၀၀ အား ယခုလမှစတင်၍ လာမည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ ခြောက်လနှင့်အပြီး တည်ဆောက်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါတိုက်ခန်းများအား အိမ်ရာဝယ်ယူနိုင်စွမ်းမရှိသည့် အငြိမ်းစားဝန်ထမ်းများ၊ အငြိမ်းစားယူရန် နီးကပ်နေသည့် ဝန်ထမ်းများ ဝင်ငွေနည်း ဝန်ထမ်းများနှင့် နေရေးခက်ခဲနေသည့် ပြည်သူများအတွက် ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး အစိုးရဘတ်ဂျက်များဖြင့် အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ပြီး တစ်ခန်းလျှင် ၆၅၀ စတုရန်းပေ အကျယ်အဝန်းရှိ လေးခန်းတွဲ ငါးထပ်ပါ တိုက်အလုံးပေါင်း ၁၈၈ လုံးကို ခြောက်လနှင့်အပြီး တည်ဆောက်နိုင်ရန် စီစဉ်ထားရှိကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
''ကျွန်တော်တို့ဌာနအနေနဲ့ ပြည်သူတွေနေရေးအတွက် မန္တလေးတိုင်းအတွင်းမှာ ဝန်ထမ်းအိမ်ရာတွေကို နှစ်စဉ် တည်ဆောက်ပေးနေတဲ့အပြင် အရောင်းအိမ်ရာတွေအနေနဲ့လည်း မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာ အခန်းပေါင်း ၁၂၃၂ ခန်းကို ဆောက်လုပ်ပြီး ဘဏ်ချေးငွေစနစ်နဲ့ ရောင်းချပေးခဲ့ပါတယ်။ နောက်ပိုင်း စမ်းစစ်ချက်တွေအရ ဘဏ်ချေးငွေစနစ်နဲ့ အရစ်ကျ ရောင်းချပေးတာတောင် ဝယ်ယူနိုင်စွမ်း နည်းပါးနေတဲ့ ပြည်သူတချို့ကို တွေ့ရှိရတဲ့အတွက် အငှားအိမ်ရာတွေ တည်ဆောက်ပေးဖို့ စီစဉ်ခဲ့ပါတယ်။ ဒီလိုအငှားအိမ်ရာတွေ တည်ဆောက်ပေးခြင်းဖြင့် ပြည်သူတွေအတွက် အိမ်ရာကဏ္ဍတွေလည်း အဆင်ပြေသွားမယ့်အပြင် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအတွက်လည်း လုပ်ငန်းတွေ ပြန်ပြီးလည်ပတ်သွားနိုင်သလို သူတို့နဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေပါ စီးပွားရေးတွေ ပြန်လည်ကောင်းမွန်လာပြီး လုပ်သားတွေလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိလာမယ့် အနေအထားတွေ ရှိနိုင်တဲ့အတွက် အခုလို အငှားအိမ်ရာတွေကို လူထူထပ်တဲ့ ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာ တည်ဆောက်ဖို့ စီစဉ်ခဲ့တာပါ။ ကျွန်တော်တို့ မန္တလေးမြို့မှာ ဒီလအတွင်းမှာပဲ စတင်အကောင်အထည်ဖော် ဆောင်ရွက်ဖို့ စီစဉ်နေပါပြီ။ ဒီအခန်းတွေ ပြီးသွားရင်ပြင်ပမှာ ငှားရမ်းနေတဲ့ ဈေးနှုန်းထက် အများကြီး သက်သာတဲ့ အငှားစနစ်နဲ့ နေရာချထားပေးမှာဖြစ်ပါတယ်'' ဟု ၎င်းက ပြောသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အဆိုပါ ပြည်သူ့အငှားအိမ်ရာစီမံကိန်းအား ရန်ကုန်မြို့တွင် အခန်းပေါင်း ၆၃၀၀၊ နေပြည်တော်တွင် အခန်းပေါင်း ၇၀၀ နှင့် မန္တလေးမြို့တွင် အခန်းပေါင်း ၃၀၀၀ စုစုပေါင်း အခန်းပေါင်း တစ်သောင်း အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ပြီး မန္တလေးမြို့တွင် ယခုလအတွင်း၌ စတင်အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)