မန္တလေး ၂၆ ဩဂုတ်

 

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူ (၂၇၀၉)ဦး၏ မိုးစပါးမျိုးစေ့ထုတ်စိုက်ဧက(၉၃၈၇)ဧက အတွက် ငွေကျပ်သန်းပေါင်း(၁၄၀၀)ခန့် အား ထောက်ပံ့ကူညီပေးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးမင်း ထံမှ သိရသည်။

 

ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ မိုးစပါးမျိုးစေ့ ထုတ်တောင်သူများအား အရည်အသွေးကောင်း မျိုးစေ့ထုတ်စိုက်ဧက တစ်ဧကလျှင် ငွေကျပ်(၁၅၀၅၀၀)နှုန်းနှင့် အထွက်ကောင်း မျိုးစေ့ထုတ်စိုက်ဧက တစ်ဧကလျှင် ငွေကျပ်(၁၄၈၅၀၀)နှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိပြီး လာမည့် စက်တင်ဘာလအတွင်း အပြီး ထောက်ပံ့ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

“တိုင်းဒေသကြီးအတွင်းက မျိုးစေ့ထုတ်တောင်သူတွေကို လှည့်လည်ထောက်ပံ့ပေးနေပါတယ်၊ မန္တလေးခရိုင် တစ်ခုလုံးကို ပထမအရစ် ထောက်ပံ့ပေးအပ်ပြီးဖြစ်ပါတယ်၊ ညောင်ဦးခရိုင်ကိုလည်း ထောက်ပံ့ပေးနေပါတယ်၊ ဒီလကုန်ရင် ကျောက်ဆည်ခရိုင် ဆက်လက်ထောက်ပံ့ပေးပါမယ်၊ တိုင်းဒေသကြီးတစ်ခုလုံး စက်တင်ဘာလအတွင်းမှာ အပြီးထောက်ပံ့ပေးသွားမှာပါ”ဟု မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးမင်း က ပြောကြားသည်။

 

မျိုးစေ့ထုတ်တောင်သူတွေဟာ စိုက်ပျိုးရေးဦးစီးဌာနနှင့် နှစ်ရှည်လများ ပူးပေါင်းလုပ်ကိုင်လာတဲ့ မျိုးစေ့ထုတ် တောင်သူတွေဖြစ်ဖို့လိုပါတယ်၊ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်ပွားများဖို့အတွက် လက်ဝယ်မှာမျိုးကောင်း မျိုးသန့်များ ဝယ်ယူရရှိနေတဲ့ တောင်သူတွေဖြစ်ဖို့ လိုပါတယ်၊ မျိုးစေ့ထုတ်လုပ်ငန်းကို ဌာနနှင့်နည်းပညာအားဖြင့် ပူးပေါင်း ဆောင်ရွက်နေတဲ့ တောင်သူဖြစ်ဖို့လိုပါတယ်၊ မျိုးစေ့ထုတ်လုပ်ငန်းကို စိတ်ပါဝင်စားတဲ့ တောင်သူတွေဖြစ်ဖို့လိုပါတယ်၊ ဒီလိုအချက်အလက်တွေပေါ် မူတည်ပြီး ဧပြီလကုန်ပိုင်းမှာ စာရင်းဇယားတွေ ကောက်ယူကာ မျိုးစေ့ထုတ်တောင်သူ တွေအတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးတိုးမင်း က ပြောကြားသည်။

 

ကိုဗစ်အလွန်ကာလ၌ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ ကဏ္ဍမှာ နည်းပညာအားဖြင့်သော် လည်းကောင်း၊ ငွေအားဖြင့် သော်လည်းကောင်း မျိုးစေ့ထုတ်တောင်သူတွေ မယိမ်းယိုင်သွားဖို့လိုပါတယ်၊ ဒါမှသာ လာမည့်နှစ်မှာ နွေစပါး/မိုးစပါး မျိုးကောင်းမျိုးသန့်တွေ ဆက်လက်ပွားများ ထုတ်လုပ်နိုင်ဖို့အတွက် မျိုးစေ့ထုတ်တောင်သူများအား ပံ့ပိုးကူညီခြင်းဖြစ်ပါတယ် ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

မန္တလေးတိုင်းဒေသကြီးတွင် မိုးစပါးစိုက်ဧက ငါးသိန်းရှစ်သောင်းကျော်ရှိပြီး ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ မိုးစပါးမျိုးစေ့ထုတ်တောင်သူများ၏ စိုက်ဧက(၉၃၈၇)ဧက အတွက် ထောက်ပံ့ငွေ ကျပ်သန်းပေါင်း(၁၄၀၀)ခန့်အား ထောက်ပံ့ပေးလျက်ရှိပြီး လာမည့်စက်တင်ဘာလအတွင်း မျိုးစေ့ထုတ်တောင်သူများထံအရောက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)