မန္တလေး ၂၈ ဩဂုတ်
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ SME လုပ်ငန်းရှင်များကို စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI)မှ သိရသည်။
စီးပွားရေးလုပ်ငန်းရှင်များ စဉ်ဆက်မပြတ် လည်ပတ်နိုင်ရေးဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကို ဩဂုတ် ၃၁ရက်တွင် MRCCI ရုံး၌ ဖွင့်လှစ်သွားမည်ဖြစ်ပြီး တက်ရောက်လိုသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။
"သင်တန်းက သင်တန်းတက်နေသူ အချင်းချင်းစီးပွားရေးတွေ ချိတ်မိမယ်။ လက်ရှိ စီးပွားရေးလုပ်ငန်းတွေ အင်တာနေရှင်နယ်စံနှုန်းနဲ့ ဘယ်လို သွားနေတယ်ဆိုတာ သိလာမယ်။ အဲဒီအခါ ကိုယ့်လုပ်ငန်းမှာ ဘာတွေပြင်စရာရှိတယ်ဆိုတာပေါ်လာမယ်၊ သိလာမယ်။ လုပ်ငန်းပိုမို တွင်ကျယ်လာနိုင်တဲ့အတွက် တက်သင့်ပါတယ်" ဟု အဆိုပါအသင်း အလုပ်အမှုဆောင် ကိုကျော်စိုးနိုင်က ပြောသည်။
အဆိုပါသင်တန်းကို SME လုပ်ငန်းရှင်များအတွက် စီးပွားရေး ကျဆင်းချိန်များတွင် မိမိတို့၏ စီးပွားရေးလုပ်ငန်းကို စဉ်ဆက်မပြတ်လည်ပတ်နိုင်စေရေးအတွက် မည်သို့ပြုလုပ်ရမည်ဟူသည့် အသိပညာကို ရရှိဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။
သင်တန်းသား ဦးရေကန့်သတ်ထားသဖြင့် တက်ရောက်ရန် စိတ်ပါဝင်စားပါကMRCCI ရုံးဖုန်း ဝ၂-၄၀၆၉၃၂၆ သို့ စာရင်းပေးသွင်းနိုင်ကြောင်း အဆိုပါအသင်းမှ သိရသည်။
သူရိန်လင်း


