နေပြည်တော် နိုဝင်ဘာ ၈
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် ဆီထွက်သီးနှံ နေကြာ၊ နှမ်း၊ မြေပဲ လျာထားဧက ပြည့်မီစွာစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဧည့်ခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် နှင့် တိုင်းဒေသကြီးအစိုး ရအဖွဲ့ဝင် ဝန်ကြီးများ ၊ တိုင်းဒေသကြီးအဆင့် လယ်ယာကဏ္ဍဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး လယ်ယာကဏ္ဍ ဆိုင်ရာတာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအားလုံးနှင့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ၊ ပြည်တွင်း စားရေရိက္ခာဖူလုံရေးနှင့် ပို့ကုန် တိုးမြှင့်ရေး ၊ ပြောင်းလဲသက်ရောက်လျက်ရှိသည့် ရာသီဥတုနှင့် အယ်လ်နီညိုဖြစ်စဉ်များ ကြောင့် ဆန်စပါးအပါအဝင် သီးနှံစုံ၏ စိုက်ပျိုးထုတ်လုပ်မှု ထိခိုက်မှုမဖြစ်ပေါ်စေရေး၊ တိရစ္ဆာန်သောက်သုံးရေ မပြတ်လပ်စေရေး၊ လုပ်ငန်းစာရင်းဇယားများ မှန်ကန်ရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဦးစီးဌာနအလိုက် တိုင်းဒေသကြီးဦးစီးမှူးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီး က လုပ်ငန်းဆိုင်ရာ လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဆည်တော်ကြီးရေသောက်စနစ်၊ မန္တလေးတူးမြောင်းမကြီး ပေတိုင်(၁၇၅၄၀၀) အိုင်ကြီး CDC အနီး မြောင်းဘောင် ကျိုးပေါက်မှု၊ယာယီပြုပြင်ပြီးစီးမှုအခြေအနေများနှင့် ပြည်ကြီးတံခွန်မြို့နယ် မန္တလေး စက်မှုဇုံ(၁) ရှိ ဓူဝံဆီစက်၏ မြေပဲဆီသန့်အဆင့်ဆင့်ထုတ်လုပ်နေမှုကို ကြည့်ရှုအားပေးသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် တံတားဦးမြို့ရှိ အမှတ်(၂၃) စက်မှုလယ်ယာစခန်း၏ လုပ်ငန်းဆောင်ရွက်ချက်များကို ကြည့်ရှုစစ်ဆေးပြီး စက်မှုလယ်ယာဦးစီးဌာန တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လယ်ယာဝန်ဆောင်မှုအသင်းများ ဖွဲ့စည်းနိုင်ရေး၊ ရိတ်သိမ်းချွေလှေ့စက်များ ရွေ့ပြောင်းရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ရိတ်သိမ်းချွေလှေ့ခြင်းလုပ်ငန်းများတွင် ကြုံတွေ့နေရသည့် အခက်အခဲများအပေါ် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


