နေပြည်တော်  ဇူလိုင်  ၃၁

မန္တလေးတိုင်းဒေသကြီး တိုင်း၊ ခရိုင်အဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲကို ဇူလိုင် ၃၀ ရက်က မန္တလေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

တွေ့ဆုံပွဲတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ လျာထားချက်နှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်ခြင်း၊ ကျွဲ၊ နွားရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် မေထုန်မဲ့သားစပ် ဆောင်ရွက်ခြင်း လုပ်ငန်းများ၊ တိရစ္ဆာန်မွေးမြူရေးဇုန်များ ထူထောင်ဆောင်ရွက်ခြင်း၊ တိရစ္ဆာန်အစာ၊ ဆေးဝါး ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ စစ်ဆေးခြင်း၊ မျိုးထိန်း၊ မျိုးပွား၊ မျိုးမြှင့် သရုပ်ပြနှင့် သုတေသနခြံများ ဆောင်ရွက်ခြင်း လုပ်ငန်းများနှင့် ပြည်ပသို့ ကျွဲ၊ နွား ၊ သိုး၊ ဆိတ်များ တင်ပို့နိုင်ရန် ကျန်းမာရေးစစ်ဆေးပေးနိုင်မှု အခြေအနေများကို တာဝန်ရှိသူများ က ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ပိုင်တစ်နိုင် ယူနစ်အလိုက် မွေးမြူရေးဆောင်ရွက်ခြင်း စီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ချက်များ၊ အစားအစာ ဘေးကင်း လုံခြုံရေး အလေးထားဆောင်ရွက်ရန်၊ သဘာဝအရင်းအမြစ်များကို ရေရှည်ထိန်းသိမ်းပြီး ဒေသတွင်း ကူးစက်ရောဂါများကို စဉ်ဆက်မပြတ် စောင့်ကြည့်၍ ကြိုတင်ကာကွယ်ရေး လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဓါတ်ခွဲခန်း လုပ်ငန်းများ အား ကြည့်ရှုစစ်ဆေးသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးသိပ္ပံ (ပုသိမ်ကြီး) သို့ ရောက်ရှိကြပြီး  ကျောင်းဆင်း မောင်မယ်များအနေဖြင့် ခေတ်မီစိုက်ပျိုးရေး၊ မွေးမြူရေး ပညာရပ်များကို အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် လက်တွေ့အသုံးချနိုင်မှုနှင့်အတူ နည်းပညာ ပြန့်ပွားရေးလုပ်ငန်းများတွင် အားကိုးအားထားပြုနိုင်သော အကျိုးဆောင် တောင်သူများဖြစ်စေရေး မျှော်မှန်းပြီး စနစ်တကျ လေ့ကျင့်သင်ကြားပေးရန် လိုအပ်ချက် များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် စိုက်ပျိုးရေးသိပ္ပံကျောင်း၏ လက်တွေ့သင်ကြားမှု အထောက်အကူပြု ဥစားကြက် မွေးမြူရေးခြံများ၊ ဆိတ်မွေးမြူရေးခြံနှင့် ငါးမွေးမြူရေးကန်များကို ကြည့်ရှု စစ်ဆေးကြသည်။

ညနေပိုင်းတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မန္တလေးတိုင်း ဒေသကြီး ဧည့်ရိပ်သာ၌  တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ သီးနှံအလိုက် အကျိုးအမြတ် အများဆုံးရရှိသည့် စိုက်ပျိုးရေးနည်းစနစ်များကို ပညာပေး ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ငါးသယံဇာတများ ထိန်းသိမ်းရေး၊ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်အခြေခံသော တန်ဖိုးမြှင့် ကုန်ချောထုတ်လုပ်မှု ဖွံ့ဖြိုးလာစေရေးနှင့် ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ရေး အလေးထားဆောင်ရွက်ရန် လိုအပ်ချက်များ၊ ဆည်ရေများ အလေအလွင့်မရှိ စနစ်တကျ သုံးစွဲနိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ်ချက်များ၊ ရာသီအလိုက် စိုက်ပျိုးမည့် သီးနှံပုံစံရေးဆွဲရာ၌  သီးနှံ၏သက်တမ်းနှင့် ရေလိုအပ်ချက်ကို  တွက်ချက်ရန်နှင့် ရေသွင်းစနစ်များ ချိန်ညှိဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်