နေပြည်တော် ဇွန် ၇
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့တော်စည်ပင်ခန်းမ၌ ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မန္တလေးတိုင်းဒေသကြီး သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ သန်းခေါင် စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးအ တွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မန္တလေးတိုင်းဒေသကြီးအတွင်း ခန့်မှန်းလူဦးရေ (၆) သန်း (၇) သိန်းကျော်၊ ခန့်မှန်းအိမ်ထောင်စု (၁)သန်း (၅)သိန်းကျော်ရှိပြီး ကောက်ကွက်ပေါင်း (၁၃၀၀၀)ကျော်ကို စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း (၅၀၀၀)ကျော်ဖြင့် ကောက်ယူဆောင် ရွက်ရန်လျာထားကြောင်း၊ သန်းခေါင်စာရင်း ရည်ညွှန်းချိန်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ (၃၀) ရက်၊ ညသန်းခေါင်ယံအချိန်ကို သတ်မှတ်ထားရှိပြီး စာရင်းကောက်ယူခြင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ (၁)ရက်မှ (၁၅)ရက်အထိ (၁၅)ရက်ကြာ ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်မည်ဖြစ်ပြီး လုံခြုံရေးအခြေအနေနှင့် လမ်းပန်း ဆက်သွယ်ရေးအခက်အခဲတို့အရ သတ်မှတ်ရက်အတွင်း ကောက်ယူရန်ကျန်ရှိပါက ရက်ထပ်မံ တိုးမြှင့်ကောက်ယူနိုင်ရေးအတွက် ကြိုတင်စီစဉ် ဆောင်ရွက်ထားကြရန်လည်း လိုအပ်ကြောင်း။
သန်းခေါင်စာရင်းကောက်ယူရာတွင် အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း(၆၈)ခု၊ အဖွဲ့အစည်း မေးခွန်းပုံစံအတွက် မေးခွန်း (၁၈)ခုကို တွေ့ရှိရာအရပ်၌ ကောက်ယူသည့်မူ (De Facto) ဖြင့် ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းကောက်ယူသည့် (Computer Assisted Personal Interviews-CAPI) စနစ်ဖြင့် ကောက်ယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ပြည်သူလူထုအသိပညာပေးလုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွား ကြရန်လိုအပ်ကြောင်း၊ လာမည့် ဩဂုတ်မှစ၍ သန်းခေါင်စာရင်းဆိုင်ရာ နည်းပြသင်တန်းအပါအဝင် သင်တန်းအဆင့်ဆင့်ကို ဖွင့်လှစ်သွားမည်ဖြစ်သည့်အတွက် ဆင့်ပွားသင်တန်းများ ဆက်လက်ဖွင့် လှစ်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားကြရန်နှင့် လုပ်ငန်းစဉ် အဆင့်အလိုက် ပြီးမြောက်အောင်မြင်ရေး အတွက် အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုနှင့် လုပ်ငန်းစဉ်အဆင့်ဆင့် အောင်မြင်ရေးအတွက် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က လူဦးရေ၏ အခန်းကဏ္ဍနှင့် လူဦးရေပြောင်းလဲမှုဖြစ်စဉ်၏ အရေးပါမှု၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့၌ ကောက်ယူခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်များမှ ဖော်ထုတ်ချက်အကျဉ်းချုပ်တို့ကို အသေးစိတ် ရှင်းလင်းဆွေးနွေးတင်ပြပြီး သန်းခေါင်စာရင်းကောက် ယူခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရုပ်မြင်သံကြား Channel များတွင် ထုတ်လွှင့်ပြသမည့် ပြည်သူလူထု အသိပညာပေး TV Spot များကို ပြသသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ မန္တလေးတိုင်းဒေသကြီး သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးဝေဇင်ထွန်းက လက်ခံရယူပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်လိုက်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခင်းကျင်းပြသထားသည့် သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို ကြည့်ရှုအားပေး၍ တက်ရောက်လာကြသူများ ကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)