မန္တလေး၊  ၂    ဒီဇင်ဘာ

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ကနဦးမော်တော်ယာဉ် မှတ်ပုံတင်ခြင်းလုပ်ငန်းကို ယာယီရပ်ဆိုင်းထားရာမှ ယခုအခါ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမူဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏  ခွင့်ပြုချက်အရ မော်တော်ယာဉ် မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၁ ရက်မှစတင်၍  ရုံးဖွင့်ရက်  တစ်ရက်လျှင် ယာဉ်အစီးရေ ၈၀ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး  ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးမြင့်၏  ပြောကြားချက်အရ  သိရသည်။

 

မော်တော်ယာဉ်မှတ်ပုံတင်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင်  လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် ပြည်သူများ အဆင်ပြေစေ ရေးအတွက် ရက်ချိန်းရယူခြင်းကို အွန်လိုင်းမှတစ်ဆင့် ကြိုတင်စာရင်းပေးသွင်းခြင်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။ ယာဉ်ပိုင်ရှင်များအနေဖြင့် ဆောင်ရွက်လိုသည့်နေ့ရက်ကို www.rtat. gov.mm ဝက်ဘ်ဆိုက်တွင် အွန်လိုင်းမှတစ်ဆင့် စာရင်းပေးသွင်းခြင်းကို နိုဝင်ဘာ ၂၈ ရက်မှ စတင်ကာ အနည်းဆုံး ၁ ရက်မှ အများဆုံးရက် ၃၀ အထိ ကြိုတင်ရက်ချိန်းရယူနိုင်ကြောင်း သိရသည်။

 

မော်တော်ယာဉ် ကနဦးမှတ်ပုံတင်ရာတွင် ပေးဆောင်ရမည့် ရက်လွန်ဒဏ်ကြေးကို စက်တင်ဘာ ၁၄ ရက်မှ နိုဝင်ဘာလကုန်အထိ ၇၈ ရက်  ဝန်ဆောင်မူရပ်ဆိုင်းထားသည့် ကာလကို ထည့်သွင်း ရေတွက်ခြင်းမပြုဘဲ လျှော့ပေါ့ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက် နောက်ပိုင်း လာရောက်ဆောင်ရွက်သည့် မော်တော်ယာဉ်များအနေဖြင့် ယာဉ်ထုတ်ရက်လွန်ဒဏ်ကြေး လျှော့ပေါ့ခွင့်ရမည်မဟုတ်ဘဲ မူလသတ်မှတ်ချက်အတိုင်း ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

 

ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းကို  နေပြည်တော်၊ ရန်ကုန်(ထောက်ကြန့်)၊ ရန်ကုန်(ရွာသာကြီး)နှင့် မန္တလေးရှိ ရုံးလေးရုံး၌ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ပေး လျက်ရှိသည်။ အသေးစိတ် အချက်အလက်များကို www.myanmarrtat.com ,  www.rtat.gov.mm ဝက်ဘ်ဆိုက်နှင့် Facebook တို့တွင် ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။

အောင်သူရ