မန္တလေး ၃၀ ဩဂုတ်
မန္တလေးတိုင်းဒေသကြီးရှိ မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျေးရွာများသို့ အောက်တိုဘာလ၌ ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၁၁ မြို့နယ်ရှိ ကျေးရွာပေါင်၂၀ ထိ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန်လျာထားကြောင်း သိရသည်။
" ဒါတွေစစ်ဆေးပြီးသွားရင်တော့ ရေနည်းကာလမှ စတင်ပြီး လုပ်ဆောင်သွားမှာပေါ့လေ။ အလုကတော့ ကမ်းပြိုလုပ်ငန်းဆောင်ရွက်ဖို့ လျာထားတဲ့ကျေးရွာတွေရဲ့ အခြေအနေကို နောက်ဆုံးစစ်ဆေးမယ်။ ပြီးမှ ဘယ်လိုတွေ လုပ်ဆောင်ရမယ်ဆိုတာ သိမှာပါ။" အဆိုပါဌာနညွှန်ကြားရေးမှူး ဦးတိုးအောင်လင်းက ပြောပြသည်။
မန္တလေးတိုင်းဒေသကြီး၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကို သပိတ်ကျင်းမြို့နယ်တွင် လေးရွာ၊ စဉ့်ကူးမြို့နယ်တွင် လေးရွာ၊မတ္တရာမြို့နယ်တွင် သုံးရွာ၊ အမရပူရမြို့နယ်တွင် တစ်ရွာ၊ စဉ့်ကိုင်မြို့နယ်တွင် တစ်ရွာ၊ ငါန်းဇွန်မြို့နယ်တွင် နှစ်ရွာ၊ မြစ်သားမြို့နယ်တွင်တစ်ရွာ၊ တံတားဦးမြို့နယ်တွင် တစ်ရွာ၊ တောင်သာမြို့နယ်တွင် တစ်ရွာ၊ ပုသိမ်ကြီးမြို့နယ်တွင် တစ်ရွာ၊ ညောင်ဦးမြို့နယ်တွင် တစ်ရွာတို့ကို လုပ်ဆောင်သွားရန်လျာထားကြောင်း သိရသည်။
အဆိုပါ ကျေးရွာများအတွက် ကမ်းပြိုကာကွယ်ရေးလုပ်ဆောင်ရာတွင် စုစုပေါင်း ငွေကျပ်သန်း ၅၃၀ဝကျော် သုံးစွဲသွားရန် လျာထားသတ်မှတ်ထားကြောင်း မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သူရိန်လင်း


