မန္တလေး ၂၈ ဩဂုတ်
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားဝန်ထမ်းများနှင့် ဝင်ငွေနည်း ပြည်သူများအတွက် အကောင်အထည်ဖော် တည်ဆောက်မည့် ပြည်သူ့အငှားအိမ်ရာ(မန္တလေး) ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်း ကျေးရွာအနီးရှိ အဆိုပါမြေနေရာ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်၍ ပန္နက်တင်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ယခုတည်ဆောက်မည့် ပြည်သူ့ အငှား အိမ်ရာသည် ရည်ရွယ်ချက် အထူးကောင်းမွန်ပါကြောင်း အလုပ်အကိုင်အခွင့်အလမ်း ကောင်းမွန်သည့်နေရာ ဒေသများတွင် အလုပ်အကိုင်များ ပိုမိုများပြားစွာ ရရှိစေရန် ဆောင်ရွက်ပေးခြင်းဖြင့် လူမှုဘဝဖူလုံရေးကို အထောက်အကူဖြစ်စေကြောင်း ဝင်ငွေနည်းပြည်သူများအတွက် အလုပ်အကိုင်ဖန်တီးပေးရာတွင် အမြန်ဆုံးနှင့် ဝင်ငွေအများ အပြားရရှိစေနိုင်သည့် လုပ်ငန်းမှာ ဆောက်လုပ်ရေးလုပ်ငန်းဖြစ်ကြောင်း နိုင်ငံတော်အစိုးရမှ ကိုဗစ်ကာလအတွင်း ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ဖန်တီးပေးသည့်အနေဖြင့် ပြည်သူ့အငှားအိမ်ရာ တစ်သောင်းတည်ဆောက်မည့် စီမံကိန်းကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း အစိုပါစီမံကိန်းတည်ဆောက်ရန်အတွက် မန္တလေးမြို့တွင် တိုက်ခန်းပေါင်း ၃၀၀၀၊ ဆောက်လုပ်ခွင့် ရရှိပါကြောင်း ယခုအငှားအိမ်ရာတည်ဆောက်မည့် စီမံကိန်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများအပြင် ၎င်းလုပ်ငန်းနှင့် ဆက်စပ်နေသည့် ထုတ်လုပ်ရေးနှင့် ပို့ဆောင်ရေးလုပ်ငန်းများလည်း အဆင်ပြေကောင်းမွန်လာမည့်အပြင် နောင်တစ်ချိန်တွင် ယခုအိမ်ရာများကို အမှီပြု၍ လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဟု ထင်မြင်မိပါကြောင်း၊ ထို့ကြောင့် ပြည်သူ့အငှားအိမ်ရာ ဖြစ်မြောက်ရေးအတွက် အကူအညီပေးခဲ့ကြသည့် ပြည်ထောင်စုအစိုးရအဖွဲ့၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ပါဝင်ပတ်သက်သူအားလုံးကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝိတ်က ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်ကာ အလုပ်အကိုင်များ ရှားပါးနေသည့် ယခုကာလတွင် နိုင်ငံတော်မှ ဆောက်လုပ်ရေးစီမံကိန်းများကို အကောင်အထည်ဖော်ပေးသည့်အတွက် ပညာရှင်များမှစ၍ အခြေခံလုပ်သားများအထိ လူဦးရေ သောင်းဂဏန်းကျော်တို့ အလုပ်အကိုင်များ ရရှိလာတော့မည်ဖြစ်သည့်အပြင် အုတ်၊ ထုံး၊ သဲ၊ ကျောက်နှင့် ဆောက်လုပ်ရေး သုံးပစ္စည်းရောင်းချသူများအ နေဖြင့်လည်း ငွေကြေးလည်ပတ်မှုများကို ဖန်တီးပေးနိုင်မှာ ဖြစ်ကြောင်း၊ ထို့ပြင် အိမ်ရာများ ပြီးစီးပါက အိမ်ရာတွင် နေထိုင်ခွင့်ရရှိကြသူများကလည်း ဝမ်းသာပျော်ရွှင်ကြမည် ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဆောင်ရွက်ချက်များကို မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များက ကျေးဇူးတင်ဂုဏ်ယူပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဆောင်ရွက်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်အသင်းများမှ တာဝန်ရှိသူများက မင်္ဂလာအချိန်၌ သက်မှတ်မြေနေရာအသီးသီးတို့တွင် ပန္နက်တင်ခြင်းကို ဆောင်ရွက်ခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီးတွင် တည်ဆောက်မည့် ပြည်သူ့အငှားအိမ်ရာ တိုက်ခန်းပေါင်း ၃၀၀၀ ကို ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာအနီး မြေ ၁၁၂ ဧကပေါ်တွင် တစ်ခန်းလျှင် ၆၅၀ စတုရန်းပေ အကျယ်အဝန်းရှိ လေးခန်းတွဲ ငါးထပ်ပါ တိုက်အလုံးအရေ ၁၈၈ လုံးကို ယခု ဩဂုတ်လမှစ၍ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်အထိ ခြောက်လနှင့်အပြီး တည်ဆောက်သွားမည်ဖြစ်ကာ ခန့်မှန်းကုန်ကျငွေ ၇၅ ဘီလီယံ သုံးစွဲရန် လျာထားပြီး ဆောက်လုပ်မည့် လုပ်ငန်းရှင်များက ကနဦး စိုက်ထုတ်သုံးစွဲကာ နိုင်ငံတော်မှ နှစ်စဉ် ပိုလျှံဘတ်ဂျက်မှ ပြန်လည်ထုတ်ပေးသည့် စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်နိုင် က ပြောကြားသည်။
အဆိုပါစီမံကိန်းကို မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုင်တာများအသင်းတို့မှ တာဝန်ယူတည်ဆောက်သွား မည်ဖြစ်ကြောင်း မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သက်လှိုင်က ပြောကြားသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အဆိုပါပြည်သူ့အငှားအိမ်ရာစီမံကိန်းအား ရန်ကုန်မြို့တွင် အခန်းပေါင်း ၆၃၀၀၊နေပြည်တော်တွင် အခန်းပေါင်း ၇၀၀ နှင့် မန္တလေးမြို့တွင် အခန်းပေါင်း ၃၀၀၀ စုစုပေါင်း အခန်းပေါင်း ၁၀၀၀၀ ကို အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ရာ အဆိုပါအခန်းများ ပြီးစီးပါက ပြင်ပတွင် ငှားရမ်း နေထိုင်သည့် နှုန်းထားများထက် ပိုမိုသက်သာသည့် အငှားစနစ်ဖြင့် နေရာချထားပေးမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


