မန္တလေး ၄ ဇူလိုင်
မန္တလေးတိုင်းဒေသကြီးအတွင်း မဲစာရင်းကောက်ယူမှုတွင် အသက် ၁၈ နှစ် မပြည့်သူတွေ မဲစာရင်းမှာ ပါဝင်နေသည့်အတွက် ပြန်နုတ်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးရမည့် မဲဆန္ဒရှင်စာရင်းတွေကို ကောက်ယူရာမှာ ဒီဇင်ဘာလအတွင်း၌ အသက် ၁၈ နှစ်ပြည့်မည့်သူများပါ ကောက်ယူထားတာကြောင့် ပြန်လည်နုတ်သွားမည်ဟု သိရသည်။
“ယခုကောက်ယူထားတဲ့ မဲဆန္ဒရှင်စာရင်းက ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်မှာ (၁၈)နှစ်ပြည့်မယ့် လူဦးရေစာရင်းအထိ ကောက်ယူထားတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့် ရက်အပေါ်မူတည်ပြီး မဲပေးပိုင်ခွင့်ရှိတဲ့ (၁၈)နှစ်ပြည့်မယ့် မဲဆန္ဒရှင်စာရင်းဟာ အတိုးအလျော့ပြုလုပ်ရမှာပါ"ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်၀င်းက ပြောကြားခဲ့သည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းမှာ လက်ရှိစက်တင်ဘာလကုန်အထိ ပြုစုထားသည့်စာရင်းများအရ မဲဆန္ဒရှင်ဦးရေမှာ ၄၅ သိန်းကျော်ရှိနေပြီး ယခင် ၂၀၁၅ ခုနှစ်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ပြုစုခဲ့သည့် မဲဆန္ဒရှင်ဦးရေမှာ ၄၄ သိန်းကျော်ရှိခဲ့သည့်အတွက် တစ်သိန်းငါးသောင်းခန့် ပိုမိုများပြားကြောင်း စာရင်းများအရ သိရသည်။
လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။
ဖြိုးအိ


