မန္တလေး ၁၃ မေ
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးသီးနှံစိုက်ပျိုးထုတ်လုပ်သည့် မြို့နယ် ၂၃ မြို့နယ်မှ တောင်သူများအတွက် မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေကျပ် ၁၆၇၇ ဒသမ ၆၅ သန်းကို ယခုလမှစ၍ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ(မန္တလေး) မှ သိရသည်။

အဆိုပါမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မန္တလေး) အနေဖြင့် မိုးသီးနှံစိုက်ပျိုး စရိတ်ချေးငွေအတွက် ထုတ်ချေးပေးသွားမည့် ဧကများမှာ စပါး ၄၅၄၉ဧက၊ အခြား သီးနှံ ၉၉၅၃ဧကတို့အတွက် မြို့နယ် ၂၃ မြို့နယ်ရှိ တောင်သူ၂၈၀၆ဦးကို ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
" ဒီနှစ်မှာ အခြားသီးနှံတွေအတွက် ချေးပေးတဲ့ငွေ ပမာဏက ပိုများလာတယ်။ မိုးသီးနှံအတွက် ချေးပေးတာဆိုရင် အခုလက စတင်ပြီးစက်တင်ဘာလထိ ချေးပေးသွားမှာ ဖြစ်ပါတယ် " ဟု တိုင်းဒေသကြီးမန်နေဂျာ ဦးစုက ပြောပြသည်။
တောင်သူများအတွက် ချေးသည့် စိုက်ပျိုးစရိတ်ဘဏ်ချေးငွေသည် စပါးတစ်ဧကလျှင် ကျပ်တစ်သိန်းခွဲ၊ အခြားစိုက်ပျိုးသီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ပဲမျိုးစုံ၊ ချည်မျှင်ရှည်ဝါ၊ အစေ့ထုတ်ပြောင်း၊ ဆီမုန်ညင်းနှင့် ဂုန်လျှော်စိုက်ခင်းများအတွက် တစ်ဧကလျှင် ကျပ်ငါးသောင်း၊ ချက်ကြံစိုက်ခင်းများအတွက် တစ်ဧကလျှင် ကျပ်တစ်သိန်းဖြစ်သည်။
စိုက်ပျိုးစရိတ်ချေးငွေထုတ် ချေးရာတွင် လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ်ပုံစံ(၇) မူရင်းကို ဘဏ်သို့အပေါင်ထားရမည်ဖြစ်ပြီး တစ်ဦးချင်းအာမခံသည့်စနစ်ဖြင့် ထုတ်ချေးမည်ဖြစ်ကြောင်း သိရသည် ။
သူရိန်လင်း