မန္တလေး ဒီဇင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများနှင့် အတွင်းရေးမှူးတို့လိုက်ပါပြီး ယနေ့နံနက်ပိုင်းက မန္တလေးမြို့တွင်းသို့ အကြမ်းဖက် သောင်းကျန်းသူများ ပစ်ခတ်ခဲ့သည့် ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ အရပ်သားနှစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိ၍ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသပေးနေမှုကို သွားရောက်ကြည့်ရှုပြီး အားပေးစကားများပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

နှောင့်ယှက်ဖျက်ဆီး

အကြမ်းဖက် သောင်းကျန်းသူများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော အရပ်သားပြည်သူ များ နေထိုင်ရာ မြို့၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တိုက်ကွက်များဖော်ဆောင်ခြင်း၊ Drop Bomb များဖြင့် တိုက်ခိုက်ခြင်း၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင် လျက်ရှိသည့်အပြင် ယနေ့တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား ပျက်စီးရာပျက်စီးကြောင်း ကြံရွယ်လျက် နှောင့်ယှက်ဖျက်ဆီးရာ ယနေ့ နံနက် ၁ နာရီခွဲမှ ၂ နာရီခန့်အထိ ရှော့တိုက်ဒုံး လေးလုံးဖြင့် ပစ်ခတ်ခဲ့ပြီး အကြမ်းဖက် သောင်းကျန်းသူများ ပစ်ခတ်ခဲ့သည့် ရှော့တိုက်ဒုံးများသည် မတ္တရာမြို့နယ် နန်းတော်ကျွန်း ကျေးရွာအနီးသို့ သုံးလုံး၊ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမရဌာနီအရှေ့ရပ်ကွက် အတွင်း လူနေအိမ်ပေါ်သို့ တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်။

ဆောင်ရွက်

အောင်မြေသာစံမြို့နယ် အမရဌာနီ အရှေ့ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် လူနေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး ရပ်ကွက်အတွင်းနေထိုင်သူ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ၎င်း၏ဇနီး အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့၍ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး လိုအပ်သည့်ဆေးဝါး ကုသမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်