မန္တလေး ၁၈ သြဂုတ်

 

COVID-19 ရောဂါ ဖြစ်ပွားနေမှုကြောင့် မန္တလေးတိုင်းဒေသကြီးတွင် ပိတ်ပင်ထားသည့် ဘာသာရေးဝတ်ပြုဆုတောင်းခြင်းများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရက်အကန့်အသတ်ဖြင့် ပြန်လည်ခွင့်ပြုမည်ဟု တိုင်းဒေသကြီးအစိုးရက သြဂုတ် ၁၇ ရက်တွင် ထုတ်ပြန်သည်။

 

COVID-19 ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေး လုပ်ငန်းများ၏ တိုးတက်မှုအခြေအနေကြောင့် သြဂုတ် ၁၆ ရက်က စတင်ကာ ပြန်လည်ခွင့်ပြုခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဗုဒ္ဓဘာသာဝင်များသည် ဘုန်းကြီးကျောင်းများတွင် ဥပုသ်သီလဆောက်တည်ခြင်းများကို ဥပုသ်နေ့များတွင် တစ်လလျှင် လေးရက်၊ အခြားဘာသာဝင်များသည် Church၊ ဗလီနှင့် ဟိန္ဒူ ကျောင်းများတွင် တစ်ပတ်လျှင် တစ်ရက်နှုန်းဖြင့် တစ်လလျှင် လေးရက်ပြုလုပ်ခွင့်ကို တစ်ကြိမ်လျှင် လူဦးရေ ၃၀ နှုန်းဖြင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ ခွင့်ပြုမည်ဟု ထုတ်ပြန်ထားသည်။

 

ဘာသာရေး ဝတ်ပြုဆုတောင်းခြင်းများကို ပြန်လည်ခွင့် ပြုခဲ့သော်လည်း တိုင်းဒေသကြီးအတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများ ဖူးမြော်ခွင့်ကို ခွင့်မပြုသေးပေ။ သို့သော် ဖူးမြော်ဝတ်ပြုခွင့် တောင်းခံလာပါက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီထံ တင်ပြကာ ခွင့်ပြုချက်ရရှိမှသာ ပြန်လည်ခွင့်ပြုမည်ဟု တိုင်းအစိုးရက ထုတ်ပြန်ထားသည်။

 

လူစုလူဝေးဖြစ်ပေါ်နိုင်သည့် လူထုအပန်းဖြေနေရာများ၊ နိုက်ကလပ်၊ ကေတီဗီ၊ စင်တင်တေးဂီတ၊ စတိတ်ရှိုး၊ ဗီဒီယို၊ ရုပ်ရှင်ရုံများ၊ တရားပွဲ၊ တရားစခန်းများ၊ ဘုရားပွဲများ၊ မင်္ဂလာဧည့်ခံပွဲများ၊ ရဟန်းခံရှင်ပြုပွဲများ၊ အခြားပွဲလမ်းသဘင်များ၊ လူမှုရေးလုပ်ငန်းများ၊ ဘာသာပေါင်းစုံညီညွတ်ရေးပွဲများကို ခေတ္တပိတ်သိမ်းထားရန်နှင့် မလိုက်နာလျှင် အရေးယူမည်ဟု ကြေညာထားသည်။

 

ဖြိုးအိ