မန်တုံ ဇန်နဝါရီ

 

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ မြို့မရပ်ကွက်ရှိ IDPs စခန်း(၂)ခုဖြစ်သည့် ကချင်နှင့်လီဆူ တိုက်ပွဲရှောင်စခန်းမှ အိမ်ထောင်စု(၅၇)စုတို့အား ရွှေ့ပြောင်းနေထိုင်ရေးအတွက် အိမ်ရာသစ်များ ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားအား ဇန်နဝါရီ ၁၂ ရက် နံနက် ၉ နာရီက မြို့မရပ်ကွက် IDPs စခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါအခမ်းအနားတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော်၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်း၊ လီဆူ တိုက်ပွဲရှောင်စခန်းတာဝန်ခံ ဦးလီလေး၊ ကချင်တိုက်ပွဲရှောင်စခန်း တာဝန်ခံ ဦးနန်ရှောင်၊ မန်တုံမြို့နယ်၊ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနန်အောင်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အိမ်ရာသစ်များအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

 

ထို့နောက် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာသိန်းဇော် အမှာစကားပြောကြား၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းမှ လုပ်ငန်းဆိုင်ရာ ရှင်းလင်းပြောကြားပြီး နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးအတွက် မန်တုံမြို့နယ်ရှိ စစ်ရှောင်စခန်း (၂)ခုဖြစ်သည့် ကချင်၊ လီဆူ အိမ်ထောင်စုများအား မြေကွက်ဖော်ထုတ်ခြင်း၊ အိမ်ရာသစ် (၅၇)လုံး၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ မီးသွယ်တန်းခြင်းနှင့် ရေသွယ်တန်းခြင်းလုပ်ငန်းများအား သက်ဆိုင်ရာ စစ်ရှောင်စခန်း (၂)ခုမှ တာဝန်ခံများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

မန်တုံ (ပြန်/ဆက်)