မန္တလေး   ၁၈   ဩဂုတ် 

 

မန္တလေးမြို့၊ မရမ်းခြံဆိပ်ကမ်းမှတစ်ဆင့် ကျေးရွာပေါင်း(၁၀၀)ကျော်မှ ဒေသထွက်ကုန်သီးနှံများအား သယ်ယူပို့ဆောင်ရန် ရေယာဉ်အစင်းရေ (၂၀)ခန့်ဖြင့် နေ့စဉ်ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်း မရမ်းခြံ ဆိပ်ကမ်းရှိ လိုင်းတို-လိုင်းရှည် ရေယာဉ်ကြီးကြပ်ရေးအသင်းမှ သိရသည်။

 

မန္တလေးမြို့၊မရမ်းခြံဆိပ်ကမ်းမှတဆင့် ပြေးဆွဲနေသော ရေယာဉ်အသင်း(၃)သင်းရှိရာ အဆိုပါ ရေယာဉ်အသင်းများမှာ နိုင်ငံခြားသားများသယ်ယူ ပို့ဆောင်ရေးရေယာဉ်အသင်း၊ မန္တလေး-မင်းကွန်းရေယာဉ်အသင်း နှင့် လိုင်းတို-လိုင်းရှည် ရေယာဉ်အသင်းတို့ဖြစ်သည်။

 

“ကျွန်တော်တို့ရေယာဉ်အသင်းက လွန်ခဲ့တဲ့နှစ်ပေါင်း(၅၀)ကျော်လောက်ကတည်းက တည်ထောင် ထားတာပါ။ ရေယာဉ်(၃၅)စင်းခန့်ရှိပါတယ်။ ယခုအချိန်မှာတော့ ယခင်ကထက်ရေကြောင်းလိုင်း  အသုံးပြုမှု နည်းသွားတဲ့အတွက် နေ့စဉ်ပုံမှန် ပြေးဆွဲနေတာကတော့ အစင်း(၂၀)လောက်ပဲရှိပါတယ်။ ကျွန်တော်တို့ အသင်းက ရေယာဉ်တွေက သွားလာရခက်ခဲတဲ့ရွာတွေကို အဓိကပြေးဆွဲပေးတာပါ။ မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်၊ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်များမှ ရွာတွေက ဒေသထွက်ကုန်သီးနှံမျိုးစုံတွေကို အများဆုံး ပို့ဆောင်ပေးရပါတယ်။ ဧရာဝတီမြစ်ကြောင်းအတိုင်း ပြေးဆွဲပေးတာ၊ ရွာပေါင်း ၁၀၀ လောက် ရှိပါတယ်”ဟု မရမ်းခြံဆိပ်ကမ်းရှိ လိုင်းတို-လိုင်းရှည် ရေယာဉ်ကြီးကြပ်ရေးအသင်း ဥက္ကဋ္ဌ ဦးမင်းနိုင်က ပြောသည်။

 

“ကျွန်တော်တို့ရေယာဉ်အသင်းအနေနဲ့ ဧရာဝတီမြစ်ကြောင်းအတိုင်း ပုံမှန်ပြေးဆွဲနေတာဖြစ်တဲ့အတွက် မရမ်းခြံဆိပ်ကမ်းမှာ ညအိပ်နေထိုင်ရတာတွေလည်းရှိပါတယ်၊။ ညပိုင်းတွေမှာ မရမ်းခြံဆိပ်ကမ်း တစ်လျှောက် လုံခြုံရေးအတွက်  သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ လျှပ်စစ်မီးတွေ သွယ်တန်းပေးစေ လိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

 

မရမ်းခြံဆိပ်ကမ်းရှိ လိုင်းတို-လိုင်းရှည် ရေယာဉ်အသင်းအနေဖြင့် ရှိန်းမက္ကား၊ ရေလယ်ကျွန်း၊ တိုက်ရွာ၊ ဆူးလေးကုန်း၊ သဖန်တောင်း၊ ငယ်တိုး၊ ကုန်းတန်း၊ မြောင်၊ ဟင်္သာတ၊ ကြက်တူရွေး၊ သဲအင်း အစရှိသော ကျေးရွာပေါင်း (၁၀၀)ကျော်မှ  ဒေသထွက်ကုန်များအား သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း မရမ်းခြံ ဆိပ်ကမ်းရှိ လိုင်းတို-လိုင်းရှည် ရေယာဉ်ကြီးကြပ်ရေးအသင်းအတွင်းရေးမှူး ဦးမျိုးကျော်ထံမှ သိရသည်။ 

 

သန်းဇော်မင်း(ပြန်/ဆက်)