ရန်ကုန်၊ ဇန်နဝါရီ ၁၂
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အင်းစိန်မြို့နယ် စံပြချမ်းမြေ့စည်ပင်အိမ်ရာဝင်း၌ (Mobile Market) စနစ်ဖြင့် ဈေးရောင်းနေမှု၊ ပြည်လမ်းမ ၈ မိုင်လမ်းဆုံ ခုံးကျော်တံတားအဆင်းမှ လေဆိပ်လမ်းဆုံ မီးပွိုင့်အထိ လမ်းသားများ ပြန်လည်ခင်းကျင်းနေမှု၊ မရမ်းကုန်းမြို့နယ်အတွင်း စံပြရက်ကွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၇ နာရီတွင် အင်းစိန်မြို့နယ်၊ ဖန်ချက်စက်လမ်းရှိ စံပြချမ်းမြေ့စည်ပင်ဝန်ထမ်းအိမ်ရာဝင်း၌ ရွေ့လျားဈေးကား (Mobile Market) စနစ်ဖြင့် ကုန်စိမ်း၊ ကုန်ခြောက်မျိုးစုံ၊ အသားမျိုးစုံနှင့် ငါး/ပုစွန်အမျိုးမျိုးတို့ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန် ရောင်းချပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ အသိပေးချက်များကို လိုက်နာ၍ ဈေးရောင်း၊ ဈေးဝယ် ပြုလုပ်ကြရန် လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ် ပြည်လမ်းမ ၈ မိုင်လမ်းဆုံ ခုံးကျော်တံတားအဆင်းမှ လေဆိပ်လမ်းဆုံ မီးပွိုင့်အထိ လမ်းသားများ ပျက်စီးနေမှုကို ကတ္တရာ ကွန်ကရစ် (AC) ဖြင့် ပြုပြင်ခင်းကျင်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် မရမ်းကုန်မြို့နယ် (၇)ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ မြို့နယ်နေပြည်သူများအတွက် စည်ပင်သာယာဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ စုဖွဲ့ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးမှ မြို့နယ်ဆိုင်ရာ အချက်အလက်များတင်ပြမှုအပေါ် မြို့တော်ဝန်က မြို့နယ်ဖွံ့ဖြိုးရေးအတွက် ရပ်ကွက်တစ်ခုအား စံပြရပ်ကွက်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် ပတ်သက်၍ (၇)ရပ်ကွက်အား စတင်အကောင်အထည်ဖော်ရန် အတည်ပြုရွေးချယ်ရာ စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က (၇)ရပ်ကွက်၏ လူမှုစီးပွားရေးနှင့် အခြေခံအဆောက်အအုံ စသည့် ရပ်ကွက်ဆိုင်ရာ အချက်အလက်များနှင့် သက်ဆိုင်ရာဌာနများမှ ပြည်သူ့အကျိုးပြု လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က စံပြရပ်ကွက်မှသည် မြို့နယ်၊ မြို့နယ်မှသည် ခရိုင်၊ ၎င်းမှ တိုင်းဒေသကြီးတစ်ခုလုံးအထိ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်၊ စံပြရပ်ကွက်တစ်ခု၏ အင်္ဂါရပ်နှင့်အညီ ရပ်ကွက်နေ ပြည်သူများ၏ လူမှုစီးပွားရေး ကောင်းမွန်စေရေးနှင့် အခြေခံအဆောက်အအုံများ ပြည်စုံစေရေး ဆောင်ရွက်ရန်၊ လက်ရှိလိုအပ်ချက်အရ ဦးလွန်းမောင်လမ်း စွန်းလွန်းဂူ ဘုန်းကြီးကျောင်းအနီး လမ်းသားပျက်စီးနေသောအပိုင်း ပေ ၁၅၀ အား AC ခင်းရန်၊ တေးနုယဉ်လမ်း AC ဖြင့် လမ်းပေါက်ဖာရန်၊ လမ်းမကြီးနှင့်လမ်းသွယ်များ၏ လမ်းဝဲယာ ရေနုတ်မြောင်းနှင့် မြက်ချုံနွယ်များ ရှင်းလင်းရန်၊ ရပ်ကွက်ဘောလုံးကွင်း သဲဖို့ပြုပြင်ရန်၊ အရွယ်ရောက်သူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရေး သက်ဆိုင်ရာဌာနနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် စနစ်တကျ စာရင်းကောက်ယူသွားရန်နှင့် ရပ်ကွက်သန့်ရှင်းသာယာ သပ်ရပ်ရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရန်တို့ကိုမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
သတင်းစဉ်


