မန္တလေး  ၁  ဇူလိုင် 

 

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးသည့် ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာတိုက်ခန်းများ ရောင်းချရာတွင် အမှန်တကယ်နေထိုင်လိုသူများသာ ရရှိစေရန်အတွက် နည်းလမ်းတစ်မျိုးဖြင့် ကြပ်မတ်စီစဉ်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

 

လက်ရှိတွင် အဆိုပါကော်မတီမှ တည်ဆောက်ပြီးစီးနေသည့် မြရည်နန္ဒာရပ်ကွက်ရှိ တန်ဖိုးမျှတအိမ်ရာတိုက်ခန်း ပေါင်း ၅၄၂ ခန်းကို မန္တလေးခရိုင် ခြောက်မြို့နယ်အတွင်းရှိ အရပ်ဖက် နိုင်ငံဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် ရောင်းချပေးနိုင်ရန် လျှောက်လွှာတစ်စောင်လျှင် ၅၀ဝ ကျပ်နှုန်းဖြင့် ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်မှ ၃၀ ရက်အထိ မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ ရုံးဝန်းအတွင်း ရောင်းချပေးခဲ့ရာ လာရောက်လျှောက်ထားသူ အရပ်ဖက်နိုင်ငံဝန်ထမ်း ၁၂၂၁ ဦးနှင့် အငြိမ်းစားဝန်ထမ်း ၄၁၂ ဦး စုစုပေါင်း လျှောက်လွှာ ၁၆၃၃ စောင်ကို ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ျအ၅

 

''အရင်တစ်ခေါက်က ရောင်းချပေးခဲ့တဲ့ တိုက်ခန်းတွေကို လျှောက်လွှာတင်ပြီး မဲနှိုက်ပေမယ့် မြေညီထပ်နဲ့ ပထမထပ် ပေါက်ရင်တော့ ယူလိုက်ပြီး သုံးထပ်၊ လေးထပ် စတဲ့ အထပ်မြင့်ပေါက်သူတွေအနေနဲ့ အခန်းတွေ ပြန်အပ်ခဲ့သလို ဆက်သွယ်ခြင်းမရှိခဲ့တဲ့ တိုက်ခန်းပေါင်း ၈၆ ခန်းရှိခဲ့တဲ့အတွက် အမှန်တကယ် နေထိုင်လိုသူတွေအတွက်တော့ နစ်နာသွားတာပေါ့။ ဒါကြောင့် အခုတစ်ကြိမ်ရောင်းချတဲ့အချိန်မှာ ဒီလိုမျိုးတွေ ထပ်ပြီးမဖြစ်ပေါ်ဘဲ အမှန်တကယ်နေထိုင်လိုသူတွေအတွက်ပဲ မဲနှိုက်နေရာချထားနိုင်အောင် နည်းလမ်းကောင်း တစ်ခုနဲ့ ကြပ်မတ်စီစဉ်ပြီး ဆောင်ရွက်သွားဖို့ ရှိပါတယ်'' ဟု ၄င်းက ပြောသည်။

 

အဆိုပါ ရောင်းချမည့်တိုက်ခန်းများအတွက် လျှောက်လွှာများကို ဇူလိုင် ၁ ရက်နေ့မှ ၁၄ ရက်အထိ ပြန်လည်လက်ခံ ပေးသွားမည်ဖြစ်ပြီး ယခင်လျှောက်ထားပြီး မဲပေါက်ခြင်းမရှိသူများမှ ပြန်လည်လျှောက်ထားရန် အဆိုပြုလွှာများကိုလည်း ဇူလိုင် ၁ ရက်နေ့မှစတင် လက်ခံဆောင်ရွက်ပေးနေကြောင်း သိရသည်။

 

ယခုရောင်းချမည့် တန်ဖိုးမျှတအိမ်ရာတိုက်ခန်းများမှာ တစ်ခန်းလျှင် ၆၆၁ စတုန်းရန်းပေရှိ လေးခန်းတွဲ ခြောက်ထပ်ပါ အခန်း ၅၄၂ ခန်းဖြစ်ပြီး တစ်ခန်းလျှင် ကုန်သွယ်လုပ်ငန်းခွန် သုံးရာခိုင်နှုန်းအပါအဝင် မြေညီထပ် ကျပ် ၂၆၇ သိန်း ရှစ်သောင်း၊ ပထမထပ် ကျပ် ၂၄၇ သိန်း နှစ်သောင်း၊ ဒုတိယထပ် ကျပ် ၂၂၆ သိန်း ခြောက်သောင်း၊ တတိယထပ် ကျပ် ၂၁၆ သိန်း သုံးသောင်း၊ စတုတ္ထထပ် ကျပ် ၂၀၆ သိန်း၊ ပဉ္စမထပ် ကျပ် ၁၉၅ သိန်း ခုနစ်သောင်းနှုန်းဖြင့် ပွင့်လင်းမြင်သာစွာ မဲစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

 

မင်းထက်အောင်(မန်းကိုယ်ပွား)