နေပြည်တော် ၇ ဇူလိုင်

 

 

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ဂျပန်နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ-JICA တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း (Technical Cooperation Project) အရ ပြုလုပ်သည့် MRTV မှ ဝန်ထမ်းများ၏   အစီအစဉ်ထုတ်လုပ်မှု ထူးချွန်ဆု (MRTV Program Award 2020) ချီးမြှင့်သည့် အခမ်းအနားကို နေပြည်တော်၊ တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (ရုံးချုပ်)၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 

 

ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများ၊ ဆုရရှိသူ အစီအစဉ်ထုတ်လုပ်ရေးမှူးများ တက်ရောက်ကြပြီး ဂျပန်ကျွမ်းကျင်သူအဖွဲ့ Japanese Expert Team မှ တာဝန်ရှိသူများက ဂျပန်နိုင်ငံမှ Online ဖြင့် ပါဝင်တက်ရောက်ကြသည်။

 

 

အခမ်းအနားတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ရုပ်သံအစီအစဉ်များအား အရည်အသွေးမြင့် တင်ဆက်ထုတ်လွှင့်နိုင်ရန် ဆောင်ရွက်လျက်ရှိရာတွင် ဝန်ထမ်းများအတွက် လိုအပ်နေသည့် အရည်အသွေးများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ အစီအစဉ်ကောင်းများ ထုတ်လုပ်နိုင်ရန် အားပေးမြှင့်တင်ရေးနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကို ကြည့်ရှုကြသော အများပြည်သူအား တရားမျှတပြီး ဘက်လိုက်မှုကင်းသည့် သတင်းနှင့်အစီအစဉ်များ ထုတ်လွှင့်နိုင်ရေးရည်ရွယ်ပြီး ယခုစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆုချီးမြှင့်ပွဲ ကျင်းပနိုင်ခြင်းဖြင့် ဝန်ထမ်းများ၏ အစီအစဉ်ထုတ်လုပ်မှု အရည်အသွေးများ ပိုမိုတိုးတက်ကောင်းမွန်လာစေရေး အားပေးမြှင့်တင်ရာရောက်သကဲ့သို့  အစီအစဉ်ကောင်းများ တိုးမြှင့်ထုတ်လွှင့်နိုင်ရေးအတွက်လည်း အရေးပါသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း ပြောကြားသည်။

 

 

ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်က ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များအနက် Drama၊ News Reporting ၊ Feature ၊ Culture  and Education ၊ Entertainment and Infotainment အမျိုးအစားအလိုက် ဆုရရှိသူ (၁၀) ဦးနှင့် အဆိုပါ ဆုများအနက်မှ အမှတ်အများဆုံးရရှိသော Grand Prix ဆုရရှိသူ (၂)ဦး စုစုပေါင်း (၁၂)ဦးကို ဆုများပေးအပ်ချီးမြှင့်သည်။

 

 

MRTV နှင့် JICA တို့၏ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း (Technical Cooperation Project) ကို ၂၀၁၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ (၄)နှစ်ပြည့်မြောက်ခဲ့ပြီး ဖြစ်သကဲ့သို့ (MRTV Program Award 2020) ဆုချီးမြှင့်မှုကို (၄)ကြိမ် ကျင်းပနိုင်ခဲ့ကြောင်း၊ ယခုကဲ့သို့ အစီအစဉ်ကောင်းများကို ရွေးချယ်ဆုချီးမြှင့်နိုင်ခြင်းသည် စီမံကိန်း အကောင်အထည်ဖော်နိုင်မှုအတွက် အောင်မြင်မှုရလဒ်တစ်ခုဖြစ်ကြောင်း သိရသည်။

 

 

သတင်းစဉ်