နေပြည်တော် မတ် ၆
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်း(၂၀၂၂)ဖြင့် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနက ဆောင်ရွက်သော နေရောင်ခြည်စွမ်းအင်ပြခန်းနှင့် ဆိုလာသင်တန်း စင်တာဖွင့်ပွဲ၊ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး ဓာတ်ခွဲခန်းစင်တာဖွင့်ပွဲနှင့် ဆိုလာ စနစ်များအသုံးပြုမှု မြှင့်တင်ရေး နှီးနှောဖလှယ်ပွဲ အခမ်းအနားများကို ယနေ့တွင် ရန်ကုန်မြို့ရှိ အဆိုပါဦးစီးဌာန၌ ကျင်းပရာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများ၊ စက်မှုလက်မှုနှင့် ဆိုလာကုမ္ပဏီများ၊ MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် နေရောင်ခြည်စွမ်းအင်ပြခန်း၊ ဓာတ်ခွဲခန်း စင်တာကို ဖွင့်လှစ်ပေးကြပြီး ဒုတိယဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားကို နေရောင်ခြည်စွမ်းအင်ရင်းမြစ်များမှ အကျိုးရှိရှိ ထုတ်ယူသုံးစွဲနိုင်ရေးအတွက် နေရောင်ခြည်စွမ်းအင်ပြခန်း၌ ဆိုလာအသိပညာများနှင့် ဆိုလာသင်တန်းစင်တာ၌ ခေတ်မီနည်းပညာများကို လေ့လာနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် MSME များ ဖွံ့ဖြိုးရေးအတွက် အစားအသောက် ဓာတ်ခွဲခန်းစင်တာသည် အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ သို့ဖြစ်ရာ ယခုစီမံကိန်းမှတစ်ဆင့် နည်းပညာ ဆက်လက်မြှင့်တင်သွားရန်နှင့် သုတေသန ပူးပေါင်း ဆောင်ရွက်မှုများ အရှိန်အဟုန် မြှင့်တင်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တရုတ်သံမှူးကြီး Dr. Zheng Zhihong က အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး ဓာတ်ခွဲခန်းစင်တာနှင့် နေရောင်ခြည်စွမ်းအင်ပြခန်းတို့ကို လှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဆိုလာစနစ်များအသုံးပြုမှု မြှင့်တင်ရေး နှီးနှောဖလှယ်ပွဲ တက်ရောက်ပြီး နိုင်ငံတကာနှင့် ပြည်တွင်းဆိုလာပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်