နေပြည်တော် ၂၃ ဇူလိုင် 

မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဆိုင်ရာ ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မသန်စွမ်းသူများနှင့် ပတ်သက်၍ အထူးအလေးပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ မသန်စွမ်းသူများအတွက် အစိုးရအနေဖြင့် သာတူညီမျှရရှိရေးကို အဓိကဦးစားပေးအဖြစ် ဆောင်ရွက်ပါကြောင်း၊ သာတူညီမျှခံစားရရှိရေး ဆောင်ရွက်ရာတွင် မသန်စွမ်းသူများ၏ လိုအပ်ချက်တွေကို သိရှိရန်လိုပါကြောင်း၊ လူတစ်ဦးချင်းစီ၏ လိုအပ်ချက် အခြေအနေများမှာ အနည်းနှင့်အများ ကွဲပြားခြားနားပါကြောင်း၊ အဓိကအားဖြင့် လုပ်ငန်းကော်မတီများသည် မသန်စွမ်းတစ်ဦးချင်းစီ၏ မသန်စွမ်းမှုအဆင့်အလိုက် လိုအပ်ချက်တို့ကို သိရှိထားရန် လိုအပ်ပြီး မသန်စွမ်းမှု အဆင့်ခွဲခြားခြင်းဆိုသည်မှာ ခွဲခြားဆက်ဆံခြင်းမဟုတ်ဘဲ မသန်စွမ်းတစ်ဦးချင်းစီ၏ အခြေအနေအမှန်နှင့် လိုအပ်ချက်တို့ကို စိစစ်ဖော်ထုတ်ပေးခြင်းသာဖြစ်ပါကြောင်း။

မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းမှာ အလွန်ရေးကြီးသည့်အတွက် အားလုံးပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းသည် မသန်စွမ်းသူများ၏ အခွင့်အရေးတို့ကို ဖော်ဆောင်ရာတွင် အရေးကြီးပါကြောင်း၊ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်အောင်မြင်ရန် အမျိုးသားကော်မတီက ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးတွင် အဆင့်ဆင့်ဖွဲ့စည်းထားရှိသည့် ကော်မတီများက မသန်စွမ်း အဖွဲ့အစည်းများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်မှသာလျှင် လုပ်ငန်းစဉ်အောင်မြင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီး၊ ပြည်နယ်တို့တွင် မသန်စွမ်းအဖွဲ့အစည်းတို့ကိုလည်း တိုးချဲ့ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း။    

မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းအတွက် မွေးစအရွယ်မှစ၍ အသက် (၁၈) နှစ်အထက်အထိ အကဲဖြတ်မည့်မေးခွန်းလွှာများ ပြင်ဆင်ထားရှိသည်မှာ အလွန်ကောင်းမွန်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့အကြား ပူးပေါင်းဆောင်ရွက်မှုသည် မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်  (Early Childhood Intervention) လုပ်ငန်းစဉ်ကိုလည်းများစွာ အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းမှုနှင့် မသန်စွမ်းသူဦးရေ လျှော့ချနိုင်ခြင်း၊ မသန်စွမ်းသူများကို စွမ်းနိုင်သမျှ စွမ်းဆောင်နိုင်အောင် ဆောင်ရွက်ပေးခြင်းတို့ဖြင့် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် UNICEF (မြန်မာ) မှ Deputy Representative၊ Mr. Paul Edwardsက ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် တာဝန်ရှိသူများကမသန်စွမ်းမှုကို မွေးစမှ အသက် (၁၈) နှစ်အထက်အထိ အကဲဖြတ်မည့် မေးခွန်းလွှာများ၊ မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းအစီအစဉ်များ၊ ကနဦးစီမံကိန်းအဖြစ် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နှင့် ကရင်ပြည်နယ် ဘားအံမြို့၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့တို့တွင် သင်တန်းပို့ချဆောင်ရွက်ခြင်းနှင့် စီမံကိန်းအတွက် ကုန်ကျမည့်ရံပုံငွေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်