နေပြည်တော် ၁၃ စက်တင်ဘာ

 

မသန်စွမ်းသူများအတွက် CERP အရ ငွေကြေးထောက်ပံ့ခြင်းဆွေးနွေးပွဲကို Online စနစ်ဖြင့် ယနေ့မွန်းလွဲ ၁ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 

ရှေးဦးစွာ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက မသန်စွမ်းသူများအတွက် CERP အရ ငွေကြေးထောက်ပံ့ခြင်းအတွက် ဆက်သွယ်ဆောင်ရွက်ရန် တယ်လီဖုန်းလိုင်းများ ထားရှိသင့်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့်လည်း ကနဦးထောက်ပံ့ကြေး မရရှိသူစာရင်းတို့ကို ပြန်လည်ထူထောင်ရေးဦးစီးဌာနသို့ ပေးပို့ညှိနှိုင်းထားပါကြောင်း၊ ယခုလို ကိုဗစ်-၁၉ ကာလအတွင်း မသန်စွမ်းသူများအတွက် ထောက်ပံ့ရာတွင် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်း ချုပ် ပူးပေါင်းပါဝင်ပေးမှုဖြင့် ပိုမိုအားကောင်းနိုင်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း မသန်စွမ်းသူများအတွက် မျက်မမြင်လက်စမ်းစာ၊ Sign Language၊ Easy Read စသည်ဖြင့် မသန်စွမ်းမှုအလိုက် ကိုဗစ်-၁၉ အသိပညာပေးအစီအစဉ်တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းအမျိုးသမီးများအတွက်လည်း ထောက်ပံ့ခဲ့ပါကြောင်း၊ ပုဂ္ဂလိကကျောင်း (၁၃)ကျောင်းရှိ အမြင်အာရုံမသန်စွမ်းသူ (၆၅၈)ဦးအတွက်လည်း ထောက်ပံ့ပေးခဲ့ပါကြောင်း၊ မသန်စွမ်းသူများ ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေး ပူးပေါင်းကော်မတီနှင့်ချိတ်ဆက်၍ နေအိမ်များရှိ ဆင်းရဲနွမ်းပါးသော မသန်စွမ်းသူများ၊ Home Quarantine ဝင်နေရသည့် မသန်စွမ်းသူများ၊ Facility Quarantine ဝင်ရောက်ရသည့် မသန်စွမ်းသူများ၊ ကိုဗစ်-၁၉ ခံစားရသည့် မသန်စွမ်းသူများအတွက်လည်း ငွေကြေးထောက်ပံ့မှုများ ဆောင်ရွက်နေပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရလည်း မသန်စွမ်းသူတစ်ဦးလျှင် ငွေကျပ်(၃၀,၀၀၀)နှုန်းဖြင့် မသန်စွမ်းသူဦးရေ(၂)သိန်းအတွက် ထောက်ပံ့ပေးနေပါကြောင်း၊ ထို့ကြောင့် ယနေ့ဆွေးနွေးပွဲသည် ငွေကြေးထောက်ပံ့ရာတွင် စာရင်းကောက်ယူထားသည့်  မသန်စွမ်းသူတစ်ဦးချင်းစီအတွက် သေချာပေးအပ်နိုင်ရေးနှင့်  အခြားမလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားစေရေးတို့အတွက်  နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ လူမှုဝန်ထမ်းရုံးများနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်မှ ဖွဲ့စည်းထားသည့် တိုင်းဒေသကြီး၊ ပြည်နယ် မသန်စွမ်းအသင်းများအကြား ပူးပေါင်း၍ ထိထိရောက်ရောက် ထောက်ပံ့သွားနိုင်ရန် ဆွေးနွေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်လူမှုဝန်ထမ်း ဦးစီးမှူးများနှင့် မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်မှ တာဝန်ရှိသူများက CERP အရ မသန်စွမ်းသူများအား ငွေကြေးထောက်ပံ့ခြင်းအတွက် လက်ရှိဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်ရန် လိုအပ်ချက်များ၊ ကိုဗစ်-၁၉ ကာလဖြစ်သောကြောင့် အခက်အခဲကြုံတွေ့ရသည့် အခြေအနေများ၊ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်