နေပြည်တော် ၁၆ စက်တင်ဘာ
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ Online Meeting စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေစီမံခန့်ခွဲရေး အဖွဲ့အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စလျှင်စချင်း မသန်စွမ်းများနှင့် မသန်စွမ်းသူမိသားစုများ အများနည်းတူ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ချေးငွေများကို သက်သာသော အတိုးနှုန်းထားဖြင့် ထုတ်ချေးနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုများနှင့် ထောက်ပံ့ငွေများပေးအပ်နိုင်ရေး ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းဇော်က ချေးငွေများထုတ်ချေးနိုင်ရေးနှင့် စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲအခြေအနေများအား ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသော မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူးတို့မှ လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးကြသည်။
မသန်စွမ်းသူများဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်တွင် ဒုတိယသမ္မတ(၂)ဦးစီးသော မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစီးသော လုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ထို့အပြင် ဆပ်ကော်မတီ (၉)ခုဖြစ်တဲ့ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ပညာရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ အလုပ်အကိုင်ရေးရာ ဆပ်ကော်မတီ၊ သုတေသနဆပ်ကော်မတီ၊ စောင့်ကြည့်အကဲဖြတ် ဆပ်ကော်မတီ၊ မသန်စွမ်း အမျိုးသမီးနှင့် ကလေးသူငယ်များ ရေးရာဆပ်ကော်မတီ၊ သတင်းအချက်အလက်နည်းပညာနှင့် လွယ်ကူစွာသွားလာနေထိုင် အသုံးပြုနိုင်ရေးဆိုင်ရာ ဆပ်ကော်မတီ၊ သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေဆိုင်ရာ ဆပ်ကော်မတီနှင့် တရားမျှတမှုရရှိပိုင်ခွင့်ဆိုင်ရာ ဆပ်ကော်မတီတို့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅)နှစ်စီမံကိန်းကိုလည်း ရေးဆွဲ၍ အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


