မြစ်ကြီးနား စက်တင်ဘာ ၂၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများက ပေးပို့တင်ပြလာသည့် သတ်မှတ်ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှု ရှိ/မရှိ၊ မြေပြင်တွင် အမှန်တကယ် နေထိုင်ခြင်းရှိ/မရှိတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများ၊ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ပူးပေါင်း၍ စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက် ခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၁)နာရီတွင် ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ကချင်ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းဦးက နိုင်ငံရေးပါတီများမှ တင်ပြထားသည့် သတ်မှတ်ပါတီဝင် အင်အားစာရင်းများ မှန်ကန်မှု ရှိ/မရှိ၊ မြေပြင်တွင် အမှန်တကယ်နေထိုင်ခြင်းရှိ/မရှိ တို့ကို သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ ပူးပေါင်း၍ စိစစ်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်မည်ဖြစ်သဖြင့် သက်ဆိုင်ရာပါတီအသီးသီး၏ မြို့နယ်တာဝန်ခံများက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ ပြည်နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းစိစစ်ခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည့် အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။
အစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်) [New Democracy Party (Kachin)] [N.D.P(Kachin)] ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက် ရေးပါတီ [TAI-LENG NATIONALITIES DEVELOPMENT PARTY (T.N.D.P)] နှင့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) [LISU NATIONAL DEVELOPMENT PARTY (L.N.D.P) ]များမှ ပြည်နယ်ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ကော်မတီဝင်များ၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ(အဖွဲ့ဝင်) ဌာနဆိုင်ရာ တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)