မတ္တရာ ၁၈ စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ရေလှောင်တမံတွင် မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုနှင့် ငလျင်လှုပ်ခတ်ခြင်းကဲ့သို့ သဘာဝဘေးအန္တရာယ်များကြောင့် ဆည်တော်ကြီးရေလှောင်တမံနှင့် ဆက်စပ်ရေအား အဆောက်အအုံများ ကျိုးပေါက်ပျက်စီးမှု မဖြစ်ပေါ်စေရေးအတွက် ဌာနမှသတ်မှတ်ပြဌာန်းထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ရန်နှင့် အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက တမံအောက်ရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှု မဖြစ်ပေါ်စေရန်အတွက် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ပတ်သက်ဆက်စပ်သည့် ဌာနဆိုင်ရာများပူးပေါင်း၍ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲစီမံချက် (E.P.P) လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်နိုင်ရန်အတွက် အလံပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဆည်တော်ကြီးရေလှောင်တမံ ရှင်းလင်းဆောင်တွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မတ္တရာမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်မြင့်အောင်မှ အရေးပေါ်အခြေအနေတွင် တုံ့ပြန်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားရာတွင် ဆည်တော်ကြီး ရေလှောင်တမံဆိုင်ရာအချက်အလက်များ၊ မြေပုံများ၊ အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက တာဝန်ခံဆောင်ရွက်မည့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ စီမံခန့်ခွဲဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက ဌာနဆိုင်ရာအဆင့်ဆင့် တင်ပြခြင်း၊ ဆည်အောက်ရှိ ပြည်သူများသိရှိနိုင်ရန် ပြည်သူများထင်သာမြင်သာစွာ သိရှိနိုင်သော နေရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် အရေးပေါ် အခြေအနေအဆင့်()တွင် အစိမ်းရောင်အလံ၊ အဆင့်()တွင် အဝါရောင်အလံလွှင့်ထူခြင်း အသံချဲ့စက်ဖြင့် အသိပေးကြေညာခြင်း၊ အဆင့်()တွင် အနီရောင်အလံလွှင့်ထူခြင်း အသံချဲ့စက်ဖြင့် အသိပေးကြေညာခြင်းများကို ယခုနှစ်မှစတင်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အရေးပေါ်အခြေအနေ သတိပေးပြီးပါက ဆောင်ရွက်ရမည့် အခြေအနေများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအနေဖြင့် ရေလွတ်နိုင်သည့်နေရာများ၊ လမ်းကြောင်းများကို ကြိုတင်ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်မှာ အများအားဖြင့် ကြိုတင်မှန်းဆသိရှိနိုင်သည့် အခြေအနေမရှိသောကြောင့် လျှပ်တပြက်ဖြစ်ပေါ်လာသည့် အရေးပေါ်အခြေအနေ အရပ်ရပ်ပေါ်တွင် မူတည်၍ တုံ့ပြန်ဆောင်ရွက်ရသည် ဖြစ်သည့်အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် ရေးဆွဲဆောင်ရွက်ထားသည့် လုပ်ငန်းစဉ်များအတိုင်း ဒေသဆိုင်ရာအဖွဲ့အစည်းများ ပတ်သက်ဆက်စပ်သည့် ဌာနဆိုင်ရာများနှင့်အတူ ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ တမံအောက်ဘက်တွင် နေထိုင်သည့် ပြည်သူများအနေဖြင့်လည်း ရေးဆွဲဆောင်ရွက်ထားမှု အခြေအနေများကို ကြိုတင်သိရှိပြီး လိုအပ်သလို ပူးပေါင်းကာ လိုက်နာဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်မှ ရှင်းလင်းတင်ပြချက်များအပေါ် အကြံပြု ဖြည့်စွက်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ ဒေသတွင်ဖြစ်ပေါ်နေသည့် အခြေအနေများကို ဆွေးနွေးကြရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဆည်တော်ကြီး ရေလှောင်မံ (တာဝန်ခံ) ဦးစီးအရာရှိ ဦးကျော်ဇောမှ အချက်ပြအလံများအား ချောင်းမကြီးဘေးဝဲယာရှိ ကျေးရွာအုပ်စု(၁၆)အုပ်စုမှ  ကျေးရွာတာဝန်ရှိသူများအား ပေးအပ်ခဲ့သည်။

ဆည်တော်ကြီးဆည် အထက်ပိုင်းရေဆင်းဒေသဖြစ်သည့် မိုးကုတ်မြို့နယ်နှင့် နောင်ချိုမြို့နယ်တို့တွင် မိုးရေချိန်များစွာ ရွာသွန်းခဲ့ပြီး ဆည်အတွင်းသို့ ရေဝင်ရောက်မှုများပြားခဲ့ကာ သတ်မှတ်ထားသော ရေအမှတ်အထက်သို့ မြင့်တက်လာသည့်အတွက် ရေပိုလွှဲတံခါးများမှ ထိန်းညှိ၍ ရေများထုတ်လွှတ်လျက်ရှိသည်။

စိုးကျော်သူထွေး(မတ္တရာ)