နေပြည်တော်၊ ဒီဇင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ဒင်္ဂါးကျွန်းရွာ၊ ဆူးလေကုန်းရွာ၊ ရွှေဘောင်ရွာ၊ ရွှေဘိုးကြီးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၀ ရက်တွင် ကျေးရွာရှိနေအိမ်များကို မီးရှို့နေကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ် ဝင်းကြီးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် ပစ်ခတ်ဝင်ရောက်ပြီး ကျေးရွာရှိနေအိမ်များကို မီးရှို့နေကြောင်းနှင့် တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေ လုံခြုံရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ မတ္တရာမြို့နယ်နှင့် ဝန်းသိုမြို့နယ်အတွင်း PDF အမည်ခံအကြမ်းဖက်သမားများ ခိုအောင်းမှုမရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးတာဝန်များ ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၎င်းကျေးရွာများအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်ခဲ့ခြင်း၊ မီးရှို့ခဲ့ခြင်း မရှိကြောင်း သိရသည်။
တပ်မတော်အနေဖြင့် ပြည်သူလူထုနေထိုင်ရာ ကျေးရွာ၊ နေအိမ်များ ထိခိုက်ပျက်စီးစေမည့် လုပ်ရပ်များကို မည်သည့်အခါမျှ လုပ်ဆောင်ခြင်းမရှိခဲ့ဘဲ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အကြမ်းဖက် သောင်းကျန်းသူများ၏ရန်မှ အစဉ်တစိုက် ကာကွယ်ပေးလျက်ရှိသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအကြား အထင်အမြင် လွဲမှားစေရန်နှင့် ပြည်သူများအား ကြောက်ရွံ့ထိတ်လန့်လာစေရန် သတင်းတု၊ သတင်းအမှားများအား မဟုတ်မမှန် ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
