မတ္တရာ ၁၇ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဉက္ကဌများနှင့် အတွင်းရေးမှူးများအား ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းပေးခြင်းကို စက်တင်ဘာ ၁၇ ရက် နေ့က မတ္တရာမြို့ အထက(မတ္တရာ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်း၌ မတ္တရာမြို့နယ်တွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု ၈၈ အုပ်စုမှ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဌများနှင့် အတွင်းရေးမှူးများ အား စက်တင်ဘာ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့ တို့တွင် နှစ်ကြိမ်ခွဲပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဉက္ကဌနှင့် အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကော်မရှင် အရာရှိတို့မှ သင်တန်းပို့ချခဲ့သည်။ သင်တန်းတက်ရောက်လာသူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများမှ အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးများဖြင့် လက်ဆေးစေခြင်း၊ နှာခေါင်းစည်းများ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သင်တန်းအား ဆွေးနွေးပို့ချခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
မတ္တရာမြို့နယ်၌ မဲရုံပေါင်း ၂၆၆ ရုံ ထားရှိသွားမည်ဖြစ်ကာ မဲဆန္ဒရှင် ၁၉၅၅၃၉ ဦး ရှိကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)


