မုဒုံ မတ် ၂၅
မွန်ပြည်နယ်၊ မုဒုံမြို့ ကျက်သရေဆောင် ကန်ကြီး ဆံတော်ရှင် စေတီတော်မြတ်ကြီး၏ နောင်တော်ကြီး စေတီတော်မြတ် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်နှင့် ရွှေသင်္ကန်း ဆက်ကပ်ပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို မတ် ၂၄ ရက်က စေတီတော်မြတ်ကြီးရှိ ဓမ္မာရုံ၌ ပြုလုပ်ခဲ့ရာ ဆရာတော် အရှင်သူမြတ်များ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အလှူရှင်ဧည့်ပရိသတ်များ တက်ရောက်ကြသည်။
ဦးစွာ ဆရာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကိတ္တိဝဏ္ဏထံမှ ငါးပါးသီလ ယူဆောက်တည် ကြသည်။ ထို့နောက် သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်ကာ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အလှူရှင်မိသားစုတို့က နောင်တော်ကြီး စေတီတော်မြတ်တွင် တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်း ကြသည်။ ယင်းနောက် ဓမ္မရာဇိန် ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာ မင်္ဂလဓမ္မ ဇောတိကဓဇ၊ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝရုဏဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ ကြည်ညို၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ စေတီတော်ပေါ်သို့ တင်လှူပူဇော်မည့် စိန်ဖူးတော်မြတ်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်မြတ်တို့အား စေတီတော်၏ လက်ယာရစ်သုံးပတ် လှည့်လည်ပင့်ဆောင်ပူဇော်၍ မင်္ဂလာအချိန်တွင် ပန်းရထားဖြင့် စေတီတော်မြတ်ကြီးပေါ်သို့ ပင့်ဆောင်ပြီး ဆရာတော်ကြီးများ ဦးစီးအမှူးပြု၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စိန်ဖူးတော်မြတ်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်မြတ်တို့အား စေတီတော်အထွဋ်သို့ တင်လှူပူဇော်ကြပြီး အမွှေးနံသာရည်များ ပက်ဖျန်းကာ ရတနာ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုး၍ တက်ရောက်လာသော ဧည့်ပရိသတ်များအား စတုဒိတာဖြင့် ကျွေးမွေးဧည့်ခံလှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)