မုဒုံ  ဇူလိုင် ၁၉

မွန်ပြည်နယ် ၊  မော်လမြိုင်ခရိုင် ၊ မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာငါးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားနှင့် ရေပေးရေးလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

မုဒုံမြို့နယ်အတွင်းရှိ ကော့ခပုံကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း (၀/၉ ဒသမ ၅ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၃ ပေ ၉ လက်မ) မြေသား၊ ဂဝံလမ်းခင်းခြင်းနှင့် ရေပြွန် (၂ ပေ × ၂၀ ပေ) သုံးစင်း၊ ကမာဝက်ကွင်းပိုင်းရှိ တောင်ပချောင်းတွင် (အရှည် ၁၂၀ ပေ၊ အကျယ် ၁၆ ပေ၊ အမြင့် ၁၂ ပေ)  ကွန်ကရစ်တံတား နှင့် ကော့ပီးကွင်းပိုင်းရှိ ကော့ကနောင်းချောင်းတွင် (အရှည် ၄၀ ပေ၊ အကျယ် ၁၆ ပေ၊ အမြင့် ၈ ပေ) ကွန်ကရစ်တံတား တည်ဆောက်ခြင်း၊ ကော့လှကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း (၁/၁ ဒသမ ၅၄ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၂ ပေ ၉ လက်မ)မြေသား၊ ဂဝံလမ်းခင်းခြင်းလုပ်ငန်း၊ တာပသွန်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း (အရှည် ၀ / ၁၄ ဒသမ ၂၄ မိုင်၊ အကျယ် ၁၂ ပေ၊ ထု ၃ ပေ ၉ လက်မ) မြေသား၊ ဂဝံလမ်းခင်းခြင်းလုပ်ငန်း၊ ကုန်ထုတ်လမ်းပေါ်ရှိ (အရှည် ၄၀ ပေ၊ အကျယ် ၁၆ ပေ၊ အမြင့် ၈ ပေ) ကွန်ကရစ်တံတားတစ်စင်း၊ (အရှည် ၂၀ ပေ၊ အကျယ် ၁၅ ပေ၊ အမြင့် ၇ ပေ) ကွန်ကရစ်တံတား တစ်စင်းနှင့် Box  Culvert  (အရှည် ၆ ပေ ၃ လက်မ၊ အကျယ် ၂၀ ပေ၊ အမြင့် ၆ ပေ) တစ်စင်း တည်ဆောက်ခြင်းနှင့်  အဘစ်ကျေးရွာတွင် အိမ်သွယ်ရေတိုင်စနစ် ရေပေးရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။ 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားနှင့် ရေရရှိရေးလုပ်ငန်းများကို  ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွေနှင့် ပြည်နယ်ခွင့်ပြုရန်ပုံငွေ စုစုပေါင်း ငွေကျပ် သန်း ၉၀၇ ကျော်ဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီများက အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ရာသီမရွေးအဆင်ပြေစွာ သွားလာစိုက်ပျိုးလုပ်ကိုင်နိုင်မည်ဖြစ်ကာ လယ်ယာထွက်ကုန်ထုတ်သီးနှံများ စျေးကွက်သို့ ကုန်ကျစရိတ် သက်သာစွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်သည့်အပြင် သောက်သုံးရေဖူလုံစွာ ရရှိနိုင်တော့မည်ဖြစ်ကြောင်း မုဒုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)