မုဒုံ ဇန်နဝါရီ ၉

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ “အိုမီခရွန်” ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၌ အသံချဲ့စက်ဖြင့် အသိပညာပေးလိုက်လံနှိုးဆော်ခဲ့သည်။

အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ကျဆင်းလာသည်မှာ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ လူမှုရေးအသင်းအဖွဲ့များ ကူညီပံ့ပိုးမှုများအပြင်  ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှု  ကောင်းမွန်ခြင်းတို့၏ ရလဒ်ပင်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန်ကူးစက်ပျံ့နှံမှုသည် အနောက်နိုင်ငံများတွင် ပိုမိုများပြားလာခြင်းနှင့်အတူ အာဆီယံနိုင်ငံများဆီသို့ ရောက်ရှိလာပြီဖြစ်ရာ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါကို ကာကွယ်တားဆီးနိုင်ရေးအတွက် အထူးသတိပြုကြရမည်ဖြစ်ကြောင်း၊  မိဘပြည်သူများအနေဖြင့် လူစုလူဝေးရှောင်ကြဉ်ခြင်း၊ နေအိမ်ပြင်ပသို့ထွက်တိုင်း    နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း၊ လက်ကိုစနစ်တကျမကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး  ခြောက်ပေအကွာနေထိုင်ခြင်း  စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ  ထုတ်ပြန်ထားသော စည်းကမ်းချက်များအား ပြည်သူများအနေဖြင့် ဆက်လက်လိုက်နာ ကျင့်သုံးသွားကြပါရန်နှင့် ပူးပေါင်းပါဝင်ပေးကြပါရန်  တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)