မုဒုံ ဧပြီ ၁၁
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ နွေရာသီ အခြေခံအားကစား သင်တန်းဆင်းပွဲကို ဧပြီ ၁၀ ရက်က မြို့နယ် မိုးလုံလေလုံအားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မုဒုံမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်(အား/ကာ)မှူး ဒေါ်နွယ်နီစံ က လူငယ်လူရွယ်များကို နိုင်ငံသားကောင်းများဖြစ်လာစေရန်၊ နိုင်ငံတော် လူ့စွမ်းအား အရင်းအမြစ်များ ဖွံဖြိုးတိုးတက်စေရန် ကျောင်းသားလူငယ်များအနေဖြင့် ကျန်းမာကြံ့ခိုင်ပြီး နိုင်ငံတော်၏ ဂုဏ်သိက္ခာကို အားကစားဖြင့် မြှင့်တင်နိုင်မည့် လူငယ်မျိုးဆက်သစ် အားကစား မောင်မယ်များ ပေါ်ထွက်လာစေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားလူရည်ချွန် မျိုးဆက်သစ်များ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ သင်တန်းကိုဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းနည်းပြများအား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းအောင်၊ မြို့နယ်ပညာရေးမှူးဒေါ်မြဝင်းနှင့် မြို့နယ်(ပြန်/ဆက်)ဦးစီးမှူး ဒေါ်မိုးမိုးစန္ဒာထွန်းတို့က သင်တန်းဆင်းလက်မှတ်နှင့် ဂုဏ်ပြု လက်ဆောင်များပေးအပ် ချီးမြှင့်ခဲ့ပြီး မြန်မာ့သိုင်းနှင့် Fitness Dance ဖြင့် သရုပ်ပြခဲ့ကြောင်း၊ အဆိုပါ နွေရာသီအားကစားသင်တန်းတွင် (ရိုးရာခြင်းလုံး၊ မြန်မာ့သိုင်း၊ ဘတ်စကတ်ဘော၊ အေရိုးဗစ်၊ (Fitness Dance) အားကစားနည်းများကို မတ် (၂၄)ရက်မှ ဧပြီလ (၁၀)ရက်အထိ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)