မုဒုံ ဒီဇင်ဘာ ၁၂

 

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အခြားကဏ္ဍများတွင် စက်သုံးဆီ ပြတ်လပ်မှုမရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဆီဆိုင်ပိုင်ရှင်များ၊ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 

တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက မုဒုံမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးစီမံကိန်းများတွင် လိုအပ်သည့် စက်သုံးဆီများအတွက် ဆီဆိုင်များမှရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိပြီး လိုအပ်ပါက အဆင်သင့်ရောင်းချပေးနိုင်ရန်၊ ပြည်သူများအနေဖြင့်လည်း စက်သုံးဆီများကို မိမိလိုအပ်သလောက်သာ ဝယ်ယူဖြည့်တင်းကြရန်၊ ဆီဈေးနှုန်း အတက်အကျပေါ်မူတည်၍ ဆိုင်ရှင်များမှ ရောင်းချပေးရန်နှင့်  သတ်မှတ်စျေးနှုန်းများထက်  ကျော်လွန်၍  လုပ်ကိုင်ရောင်းချပါက  ထိထိရောက်ရောက်  အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

တွေ့ဆုံပွဲသို့ မြို့နယ်အတွင်း တရားဝင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စက်သုံးဆီဆိုင် (၁၉)ဆိုင်၏ ဆိုင်ပိုင်ရှင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သားငယ် (ပြန်/ဆက်)