မုဒုံ သြဂုတ် ၂၇
မွန်ပြည်နယ် မုဒုံမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် မိုးစပါးစိုက်ဧက ၇၈၀၀၀ ကျော် စိုက်ပျိုးပြီးစီးဖြစ်၍ လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မုဒုံမြို့နယ်တွင် ပေါ်ဆန်ရင် စပါအမျိုးအစားကို အဓိကထားစိုက်ပျိုးကြပြီး စပါးမျိုး ကောင်းမျိုးသန့် မျိုးစေ့ထုတ်စိုက်ကွက်ကို ၁၅၁ ဧကအား ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြစိုက်ကွက်၊ စံပြကျေးရွာများကို ဖော်ဆောင်၍ စိုက်ပျိုးထားခြင်း၊ မျိုးစေ့ချကိရိယာနှင့် ကောက်စိုက်စက်ဖြင့် စနစ်တကျစိုက်ပျိုးခြင်း၊ SRI စနစ်ဖြင့် စိုက်ပျိုးခြင်း၊ အကျိုးဆောင် တောင်သူများနှင့် ကန်ထရိုက်လယ်ယာစနစ်တို့ဖြင့် စိုက်ပျိုးထားရှိကာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက တောင်သူများ စားနပ်ရိက္ခာဖူလုံရေး၊ ဝင်ငွေများ တိုးပွားလာစေရေးနှင့် စိုက်ပျိုးထုတ်လုပ် အရည်အသွေးကောင်းမွန်ကာ ပြည်ပစျေးကွက်များ တိုးချဲ့လာနိုင်စေရန်အတွက် စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေး လျက်ရှိသည်။
ထို့အပြင် နှစ်စဉ်မျိုးသန့်မျိုးစေ့ပံ့ပိုးပေးခြင်း၊ မြေဆီလွှာတွင် အာဟာရဓာတ်ပါဝင်မှု စစ်ဆေးပြီး ဓာတ်မြေသြဇာနှုန်းထား ထောက်ခံချက်ပေးခြင်း၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်ခြင်းနည်းစနစ်များ လက်တွေ့ပြသခြင်းနှင့် ကင်းထောက်စစ်ဆေးပေးခြင်း၊ တစ်ဧက တင်း ၁၀၀ ထွက်ရှိရေးအတွက် စပါးစိုက်ပျိုးမှုနည်းပညာများကို ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊ မိုးစပါးများကို မေလကုန်မှစတင်ကာ စိုက်ပျိုးခဲ့ပြီး နိုဝင်ဘာလတွင် စတင်ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်ထံမှ သိရသည်။
မုဒုံမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် လျာထားချက် ၇၆၇၇၅ ဧကရှိပြီး ယခုအခါ မိုးစပါးစိုက်ဧက ၇၈၁၂၂ ဧက စိုက်ပျိုးပြီးစီးခဲ့ခြင်း ဖြစ်သည်။
သားငယ် (မုဒုံ)