မုဒုံ  ၂၈  သြဂုတ်   

 

မွန်ပြည်နယ် မုဒုံမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီစဉ်၏ (CERP) ထောက်ပံ့မှုအရ ဆောင်ရွက်သော  မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအတွက် ထောက်ပံ့ငွေများပေးခြင်းကို သြဂုတ်လ နောက်ဆုံးအပတ်တွင် မုဒုံမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မုဒုံမြို့နယ်တွင် မိုးစပါးထုတ်မျိုးစေ့ထုတ် တောင်သူများအား ပထမအကြိမ် အထွက်ကောင်း မျိုးစေ့ဖိုး နှင့်အပင်ပြုစုထိန်းသိမ်း စောင့်ရှောက်ဖိုးအတွက် လယ်တစ်ဧကလျှင် ငွေကျပ်(၈၅၅၀ဝ)ကျပ်ကို တော်ကူး-တံခွန်တိုင် ကျေးရွာနှင့်ကွမ်တာကျေးရွာရှိ တောင်သူ (၁၉)ဦး ပိုင်ဆိုင်သော လယ်ဧကပေါင်း (၁၅၀)ဧက အတွက်စုစုပေါင်းငွေကျပ် (၁၂၈၂၅၀ဝ၀) ကျပ်ကို တာဝန်ရှိသူများက အသီးသီး ပေးအပ်ခဲ့သည်။

 

မွန်ပြည်နယ်အတွင်း၌ မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများကို လယ်ဧကပေါင်း(၈၆၀) ဧက ဆောင်ရွက်သွားမည်ဖြစ်ပြီး ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မျိုးစေ့အတွက် ထောက်ပံ့ပေးခြင်း၊ အပင်ပြုစုထိန်းသိမ်း စောင့်ရှောက်ရန်အတွက် ထောက်ပံ့ပေးခြင်း၊ မျိုးစေ့ထုတ်စိုက်ခင်းများတွင် မျိုးကွဲပင်များနုတ်ရန် ထောက်ပံ့ပေးခြင်းနှင့် မျိုးစေ့ချွေလွှင့် သန့်စင်ရန်ထောက်ပံ့ပေးခြင်းတို့ဖြင့် အပိုင်းလေးပိုင်းနှင့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ် ဦးစီးမှူး ဦးလှမိုးအောင်က ပြောသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)