မန္တလေး ၄ ဇွန် 


မန္တလေးတိုင်းမှာ မှုခင်းကျဆင်းရေးအတွက် အထူးအဖွဲ့မှ အသွင်ယူဆောင်ရွက်ရာတွင် အမှုပေါင်း ၃၀ဝ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။


ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ အရပ်ဝတ်ဖြင့်အသွင်ယူ ဆောင်ရွက်သည့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော အထူးအဖွဲ့ ၄ ဖွဲ့ဖြင့် မှုခင်းကျဆင်းရေးကို မေလ ၅ ရက်မှ စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ မေလ ၅ ရက်မှ မေလ ၂၉ ရက်အထိ ဖမ်းဆီးရမိသည့် အမှုပေါင်း ၃၀ဝ ရှိခဲ့ခြင်းဖြစ်သည်။


‘ မြို့ပေါ်မှာ ပိတ်ဆို့ရှာဖွေတာ ၊ လှည့်ကင်း ပတ်ကင်းတွေ ရှိတယ်။ ရှိပေမယ့် ရဲ မရှိတဲ့နေရာဖြစ်ဖြစ် နေတာတော့ မဟုတ်သေးဘူး။ ရဲတွေက ပိတ်စို့တယ်။ ဆိုးသွမ်းသူတွေက ရှောင်သွားတယ်။ အဲ့သဘောဖြစ်နေတော့ ဉာဏ်သုံးရမယ်။ ရဲတွေက အရပ်သား အသွင်ဆောင်ရွက်တယ်၊ ဆိုင်ကယ်တွေနဲ့ လမ်းကြိုကြားတွေသွားတယ်၊ အုပ်ချုပ်ရေးမှူးတွေပါမယ်။ မန္တလေးတိုင်းရဲတပ်ဖွဲ့က အဖွဲ့ ၁၀ ဖွဲ့လောက်ထုတ်ပြီး စင်တာကျတဲ့နေရာမှာ လှည့်ကင်းဆောင်ရွက် ဆိုပြီး အစိုးရအဖွဲ့ထံတင်ပြ ဆောင်ရွက်ခဲ့ပါတယ်’ဟု မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ရဲမှူးချုပ် စိန်လွင်က ပြောသည်။

 

1


မန္တလေးမြို့ပေါ်ရှိ မှုခင်းဖြစ်ပွားရခြင်းများနှင့် ပတ်သက်လို့ စားဝတ်နေရေး အဆင်မပြေမှုကြောင့် ဖြစ်ပွားခြင်း ၊ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့်ဖြစ်ပွားခြင်း ၊ လူမိုက်ဂိုဏ်းများ ရှိနေခြင်းများကြောင့် ဖြစ်ကြောင်း ရဲမှူးချုပ်စိန်လွင်က သုံးသပ် ပြောကြားသည်။


စီးပွားရေး အဆင်မပြေလို့ စားဝတ်နေရေး အဆင်မပြေလို့ လုတဲ့သူရှိတယ်။ စားဝတ်နေရေး လိုအပ်လိုလုတယ်။ တခြားဒေသကနေ ကျောင်းလာတက်တဲ့ ကလေးအချို့ကလည်း မူးယစ်ဆေး အလွန်အကျွံသုံးစွဲမိလို့ အခါမျိုးမှာ စိတ်ကြွလာပြီး တခြားသူတွေကို ရန်ပြုချင်တာလည်းရှိတယ်။ တချို့နေရာတွေမှာ နယ်မြေအပိုင်စားတဲ့ လူမိုက်ဂိုဏ်းရှိတယ်’ဟု ရဲမှူးချုပ်စိန်လွင်က ဆိုသည်။


မန္တလေးတိုင်းတွင် မှုခင်းကျဆင်းရေးအတွက် ဆောင်ရွက်ရာမှ ဖမ်းဆီးရမိသည့် အမှုများတွင် ခိုးမှု ၂၂ မှု ၊  လုယက်မှု  ၂ မှု ၊ လက်နက်မှု ၃၆ မှု ၊ ရဲအက်ဖြင့် အရေးယူမှု ၁၄၄ မှု ၊ ယစ်မျိုး ၁ မှု ၊ မော်တော်ယာဉ်အက် ၁၇ မှု ၊ ပို့ကုန် ၊ သွင်းကုန်အမှု ၁ မှု ၊ ပြည့်တန်ဆာ ၁ မှု ၊ ဝတ္တရားနှောက်ယှက်မှု ၂ မှု ၊  မူးယစ်ဆေးဝါးမှု ၂ မှု ၊ လောင်းကစား ၁ မှု ၊ အခြားအမှု ၁ မှု စုစုပေါင်း ၃၀ဝ ရှိကြောင်း သိရသည်။ 


အဆိုပါ အမှုများမှ တရားခံ အမျိုးသား ၃၅၃ ဦး အမျိုးသမီး ၁၉ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အိမို့မို့ခိုင်