မုံရွာ ၂၂ ဇွန်    


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၏ အဓိကလမ်းမကြီးတစ်ခုဖြစ်သော ဗိုလ်ချုပ်လမ်းတစ်လျှောက်နှင့် အဝိုင်းပတ်နေရာများကို အပိုင်း (၃)ပိုင်းခွဲပြီး လမ်းလယ်ဓာတ်တိုင် စိုက်ထူခြင်းများနှင့် မီးအလှဆင်ခြင်း လုပ်ငန်းများကို ယခုဘဏ္ဍာနှစ်အတွင်း အပြီးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


“ ဓာတ်တိုင်တွေစိုက်ထူဖို့၊ မြေအောက်ဓာတ်ကြိုး သွယ်တန်းနိုင်ရေး ကွင်းဆင်းစစ်ဆေးတာတွေ လုပ်နေပြီ။ ဇွန်လ ဒုတိယပတ်ကတည်းက စနေပြီ။ ပြီးတာနဲ့ လုပ်ငန်းတွေ ဆက်လုပ်သွားမှာဖြစ်တယ်။ အခု ဘဏ္ဍာနှစ် အတွင်းမှာ အပြီးလုပ်ဆောင်သွားမှာ ဖြစ်တယ်။ လမ်းတွေက မီးလင်းပေမဲ့ အဝိုင်းပတ်တွေမှာတော့ လျှပ်စစ်မီးတပ်ဆင်တာတွေ နည်းတဲ့အတွက် ညပိုင်းတွေမှာ အန္တရာယ်ရှိတယ်။ နောက်တစ်ခုက မြို့အဂါၤရပ်နဲ့ညီအောင် လုပ်ဆောင်တာဖြစ်တယ်။ အခုလုပ်ငန်းကို မြို့နေပြည်သူတွေရဲ့ စုပေါင်းထည့်ဝင်ငွေရယ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ထောက်ပံ့ငွေနဲ့ လုပ်ဆောင်တာဖြစ်တယ်။” ဟု မုံရွာမြို့နယ်စည်ပင် သာယာရေး ကော်မတီမှ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းက ပြောသည်။


လမ်းလယ် ဓာတ်တိုင်စိုက်ထူခြင်း၊ မြေအောက်လျှပ်စစ် သွယ်တန်းခြင်းနှင့် မီးအလှဆင်ခြင်းလုပ်ငန်းကို မုံရွာတောင်ရပ်ကွက်မှ နာရီစင်အထိ အပိုင်း(၁)အဖြစ်လည်းကောင်း၊ နာရီစင်မှ ကန်သာယာလမ်းအဆုံအထိကို အပိုင်း (၂) အဖြစ်လည်းကောင်း၊ မုံရွာတောင်ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းနှင့် ပြည်ထောင်စုလမ်းမကြီးတို့ဆုံရာ ကံ့ကော်ဝတ်ဆံအဝိုင်း၊ ရွှေဇလုပ်ရပ်ကွက်အနီး ကျောက္ကာလမ်းမပေါ်ရှိ ဆွမ်းအုပ်အဝိုင်းနှင့် အိုးဘိုတောင်ရပ်ကွက်ရှိ ဗိုလ်ချုပ်နှင့် ပြည်ထောင်စုလမ်းဆုံရာ အောင်မင်္ဂါလာအဝိုင်းတို့အား အပိုင်း(၃)ဖြစ်လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်သည်။ ပြည်သူများ ထည့်ဝင်ငွေ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့ငွေ စုစုပေါင်းငွေကျပ် သိန်း (၂၃၀ဝ)ကျော် ကုန်ကျမည်ဖြစ်ပြီး ၎င်းလုပ်ငန်းကို တင်ဒါစနစ်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


ဝင်းဦး(ဇေယျာတိုင်း)