မုံရွာ ၁၁ မေ
မုံရွာမြို့ ကြက်မွေးမြူရေးအထူးဇုန်မှ မီးဘေးသင့်မွေးမြူသူ (၂၄)ဦးအား ကြက်ဇုန်ရန်ပုံငွေမှ ကျပ် ၃၅ သိန်း ထောက်ပံ့ခြင်းကို ယနေ့ နံနက် ၉ နာရီက ကြက်ဇုန်အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
“မုံရွာကြက်မွေးမြူရေးဇုန်မှာ မေလ ၈ ရက်က ကြက်ဇုန်မီးလောင်လို့ မွေးမြူရေးလုပ်ငန်းရှင် (၂၄)ဦး၏ ကြက်ခြံစုစုပေါင်း (၃၄)ခြံ၊ လူနေအိမ် အလုံး(၂၀)နှင့် မွေးမြူထားသည့် ကြက်ခြံ (၁၂)ခြံမှ ကြက် (၁၀၁၃၅)ကောင် ဆုံးရှုံးခြင်းအတွက် အထောက်အပံ့ဖြစ်စေရန် ငွေကျပ် (၃၅)သိန်း ထောက်ပံ့ခြင်းဖြစ်ပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာမြင့်စိုးက ပြောသည်။
မုံရွာမြို့ ကြက်မွေးမြူရေးဇုန်အတွင်း မီးလောင်သည့်ခြံများအပါအဝင် ခြံ(၁၂၀)ခန့် မွေးမြူနေပြီး ကြက်မွေးမြူရေးလုပ်ငန်းရှင် (၆၂)ဦး လုပ်ငန်းလိုင်စင် ပြုလုပ်ထားရာ ထိုအထဲတွင် ယခုမီးလောင်ခံရသူ (၁၂)ဦးပါဝင်ကြောင်း မုံရွာမြို့ ကြက်မွေးမြူရေးဇုန် ဥက္ကဋ္ဌ ဦးညွှန်ရွှေ၏ ပြောကြားချက်အရ သိရသည်။
ထွန်းကိုကို(ယင်းမာပင်)